မုံရွာမှာ အချုပ်ကားမိုင်းထိပြီး နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

RFA Burmese
2023.08.16
မုံရွာမှာ အချုပ်ကားမိုင်းထိပြီး နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲရွာအနီးတွင် အချုပ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့သည့် ဒေါက်တာ ဇော်ထွယ်အောင်အား တွေ့ရစဉ်။
Chindwin Medical Network

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲရွာအနီးမှာ ဩဂုတ်လ ၁၅ ရက် နေ့လယ်က အကျဉ်းသားတွေပါတဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ကားထဲမှာပါတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦးနဲ့ ကားမောင်သူသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၃ နှစ်အရွယ် ဒေါက်တာ ဇော်ထွယ်အောင်ဖြစ်ပြီး နောက်ထပ် သေဆုံးတဲ့ ကားသမားရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသား ကိုအာကာငြိမ်းချမ်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မုံရွာမှာ ဆေးကုသမှုခံနေရပါတယ်။

ထောင်အာဏာပိုင်တွေက မုံရွာအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား တစ်ရာနီးပါးကို မြင်းခြံနဲ့ မန္တလေးအကျဉ်းထောင်တွေဆီကို ကားငါးစီးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ရှေ့ဆုံးကမောင်းနှင်လာတဲ့ ကားတစ်စီး မိုင်းဆွဲခံလိုက်ရတာလို့ ဒီဖြစ်စဉ်ကိုသိတဲ့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုအောင်နေမျိုးက RFA ကိုပြောပါတယ်။

"အကျဉ်းသားတွေကို ကားငါးစီးနဲ့ ရွှေ့တာပါ။ ဒေါက်တာဇော်ထွယ်အောင်က ပွဲချင်းပြီးဆုံးသွားတယ်။ ဒေါက်တာနဲ့အတူ သံခြေချင်းအခတ်ခံရတဲ့ ကိုအာကာငြိမ်းချမ်း လည်း ထိခိုက်ဒဏ်ရာရသွားတယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိသေးပါဘူး။

အချုပ်ကား မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ဒေါက်တာ ဇော်ထွယ်အောင်ဟာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေမှာ ထောက်ခံခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်မှာ မုံရွာမြို့မှာ ဖမ်းဆီးခံခဲ့ရတာပါ။

မုံရွာမြို့၊ ချမ်းမြေ့ဝတီရပ်ကွက်မှာ နေထိုင်တဲ့ ဒေါက်တာ ဇော်ထွယ်အောင်ကို PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မုံရွာအကျဉ်းထောင်အထူးတရားရုံးကနေ ၂၀၂၃ ခုနှစ်၊ မတ်လတုန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည)နဲ့ ထောင် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ အဲဒီတုန်းက ဖော်ပြခဲ့ပါတယ်။

အလားတူ ကိုအာကာငြိမ်းချမ်းလည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း မုံရွာမြို့မှာ ဖမ်းဆီးခံရတာပါ။ ကိုအာကာငြိမ်းချမ်းဟာ မုံရွာမြို့ပေါ်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သူကိုယ်တိုင် ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်တစ်ခုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရန်ချန်နယ်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုအာကာငြိမ်းချမ်းကို ဘယ်လိုပုဒ်မတွေနဲ့ အရေးယူခဲ့တယ် ဆိုတာ ထုတ်ပြန်ခဲ့တာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။