မင်္ဂလာဒုံနဲ့ လှည်းကူးမြို့နယ်က စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

RFA Burmese
2024.07.31
မင်္ဂလာဒုံနဲ့ လှည်းကူးမြို့နယ်က စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာအုပ်ချုပ်ရေးမှူးရုံးအနီးမှ စစ်တပ်ဂိတ်ကင်းစခန်းတစ်ခု ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ နေ့က တိုက်ခိုက်ခံခဲ့ရစဉ်။
Citizen Photo

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရွှေနံသာရပ်ကွက် အမှတ် (၃) လမ်းမပေါ်က ခြေလျင်တပ်ရင်း - ခလရ (၈၂) အစောင့်ဂိတ်ကင်းစခန်းနဲ့ လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူးလမ်းမပေါ်က စစ်မှုထမ်းဟောင်းရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြစစ်ဆင်ရေးအဖွဲ့ Operation Flame (OF) က ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၃၀ ရက် ည ခုနစ်နာရီအချိန် ဒီတိုက်ခိုက်မှုတွေမှာ ထိခိုက်မှုတချို့ရှိခဲ့ပေမဲ့ အသေးစိတ်အခြေ အနေကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုစစ်ဆင်ရေးကနေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘေးကင်းရာကို ထွက်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေ့နံ့သာရပ်ကွက်နေထိုင်သူတစ်ဦးကတော့ မနေ့ညပိုင်းမှာ ပေါက်ကွဲ သံကြားလိုက်ရ တယ်လို့ RFA ကို ပြောပါတယ်။

“ပေါက်ကွဲသံလိုတော့ ကြားလိုက်ရတယ်။ ညက မိုးကလည်း အရမ်းရွာ လေတွေကလည်းတိုက်နေတော့ သိပ်မကျယ်ကြီးတော့ မကြားရဘူး”

Operation Flame ရဲ့ ထုတ်ပြန်ချက်မှာတော့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ကို အပြည့်အဝထောက်ခံပြီး ရန်ကုန် မြို့ပြစစ်ဆင်ရေးတွေကို ဟန်ချက်ညီညီဖော်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းနဲ့ လေတပ်ဂေါက်ကွင်းလမ်းဆုံ အနီးက မင်္ဂလာဒုံ လေတပ်အရာရှိအဆောင်နဲ့ ခရေပင်လမ်းပေါ်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးတို့ ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။