မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့ ထုတ်ပြန်

RFA Burmese
2024.11.20
မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့ ထုတ်ပြန် ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့မရဲစခန်းအား တွေ့ရစဉ်။
Citizen Photo

ပြည်လမ်းနဲ့ ခရေပင်လမ်းခွဲထောင့်မှာရှိတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေက ဝင်ရောက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေလို့ တိုက်ခိုက်ခဲ့တာလို့ Dark Shadow အဖွဲ့ ဒုတာဝန်ခံ ရဲဘော်ပဒုမ္မာက RFA ကို ပြောပါတယ်။

"အဓိကတော့ လူစိတ်မရှိတော့တဲ့ စစ်မိစ္ဆာတွေရဲ့ အလိုကျလိုက်လုပ်ပေးနေတဲ့ ရဲတွေကို တိုက်ခိုက်တာပါ၊ ပြည်သူ့ရဲဆိုရင် ပြည်သူဘက်ရပ်တည်ရမှာလေ၊ အခုက စစ်သားတွေနဲ့ပေါင်း ဧည့်စာရင်းစစ်ပြီး ပြည်သူကို ဒုက္ခပေးနေတယ်ဆိုထဲက ပြည်သူ့ရဲမဟုတ်တော့ဘူး"

မင်္ဂလာဒုံရဲစခန်းကို ညနေ ခုနစ်နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဲတွေဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်ပြီး Dark Shadow အဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

မင်္ဂလာဒုံမြို့မရဲစခန်း တိုက်ခိုက်ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ရဲစခန်းတိုက်ခိုက်ခံရတယ်ဆိုတဲ့ အခြေအနေကိုလည်း စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ပြည်သူတွေကို နေ့စဉ်ဒုက္ခပေးနေတဲ့ စစ်သားတွေကို ရတဲ့နေရာမှာ တိုက်ခိုက်သွားမှာဖြစ်ကြောင်းနဲ့ နောက်ထပ်ပစ်မှတ်တွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ Dark Shadow အဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်က ရုပ်ရှင်သရုပ်ဆောင် ရန်အောင်ရဲ့ နေအိမ်ကို ပြင်းအားပျော့မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။