ဒါရိုက်တာမင်းထင်ကိုကိုကြီးလွှတ်ပေးရေး AI တောင်းဆို


2019.11.20
minhtinkokogyi-court-622.JPG တပ်မတော်က အမှုဖွင့်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂ဝ၁၉ သြဂုတ် ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

တပ်မတော်ကို ဝေဖန်တဲ့စာတိုတွေ ဖေ့စ်ဘွတ်မှာ ရေးတင်လို့ ထောင်တနှစ်ချခံထားရတဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမှုအားလုံးကနေ ရုပ်သိမ်းပြီး ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့- AI က သမ္မတဦးဝင်းမြင့်ဆီ အိတ်ဖွင့်ပေးစာတစောင် ဒီနေ့ နိုဝင်ဘာလ ၂ဝ ရက်နေ့စွဲနဲ့ ရေးသားတောင်းဆိုလိုက်ပါတယ်။

သူ့ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုတာနဲ့တင် ထောင်ချခံရတာဖြစ်တဲ့အတွက် သူ့ကို ယုံကြည်ချက်အကျဉ်းသားအဖြစ် AI အဖွဲ့က သတ်မှတ်တယ်လို့ဆိုပါတယ်။ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါအတွက် ခွဲစိတ်ကုသခံထားရသူဖြစ်ပြီး နောက်ဆက်တွဲဆေးကုရမယ့်အကြောင်းတွေ ရှိတာကြောင့် သူ့ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိတယ်လို့လည်း AI အဖွဲ့ကပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅ (က) နဲ့ ၆၆ (ဃ) တို့ကို နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ကိုလည်း AI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်ထောင်၊ အဆောင်အမှတ် (၅) ဝင်းထဲက သီးသန့်တိုက်ခန်းတွဲမှာ ထည့်ထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ကြားမှာ ဒါရိုက်တာမင်းထင်ကိုကိုကြီးက သူရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာကျစေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလိုလုပ်ပြီး ပုဒ်မ၅ဝ၅ (က) နဲ့ တရားစွဲဆိုခဲ့ပြီး၊ ဧပြီလကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တရားရုံးကနေ ထောင်တနှစ်အမိန့်ချလိုက်တာဖြစ်ပါတယ်။

အဲဒီအပြင် သူ့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ဖွင့်ထားတဲ့အမှုကိုတော့ ရဲစခန်းက အာမခံပေးထားပါ တယ်။ ဒီအမှုကို အရေးယူဖို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်မယ်ဆိုရင် မင်းထင်ကိုကိုကြီးဟာ အဲဒီအမှုအတွက် ထပ်ပြီး တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဒါကြောင့် အဲဒီလိုကျန်နေသေးတဲ့အမှုတွေကိုလည်း အပြီးရုပ်သိမ်းပေးဖို့ AI အဖွဲ့က ဒီနေ့ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။