ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ ဇာတ်လမ်းတို ရုပ်ရှင် ၃၀ ပြပွဲကျင်းပမည်


2019.05.31
minhtinkokogyi-622.JPG ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို အင်းစိန်မြို့နယ်တရားရုံးမှာ ၂၀၁၉ မေ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရေးသားရိုက်ကူးထားတဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းတို ရုပ်ရှင် ၃၀ ကို လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ပြပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။

ရုပ်ရှင်ပြပွဲကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ဇွန်လ ၄ ရက်နေ့ နေ့လည် ၂ နာရီကနေ ညနေ ၆ နာရီအထိကျင်းပမှာဖြစ်ပြီး နိုင်ငံတကာသံရုံးအသီးသီးက တာဝန်ရှိသူတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနဲ့ USAID က တာဝန်ရှိသူတွေ၊ အနုပညာရှင်တွေကို ဖိတ်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဦးဆောင်ပြီး နှစ်စဉ်ကျင်းပနေပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အတွင်း ရေးသားချက်တွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်မြို့နယ် တရားရုံးမှာ တရားစွဲဆို ဖမ်းဆီးခံထားရပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့လည်း တပ်မတော်က ထပ်မံ တရားစွဲထားပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ထောက်ခံချက်တွေကို နယ်သာလန် အခြေစိုက် မှတ်တမ်းရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့ နှစ်ခုက ဦးဆောင်ပြီး နိုင်ငံတကာ ရုပ်ရှင်ဒါရိုက်တာတွေထံကနေ ကောက်ယူနေရာမှာ မေလ ၂၃ ရက်နေ့အထိ ထောက်ခံသူ တစ်ထောင်နီးပါးရှိနေပြီ ဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။