မဏိပူရ်မှာ ဖမ်းခံထားရတဲ့ ချင်းလူမျိုးတွေ မီဇိုရမ်ထောင်ကို လွှဲပြောင်းနိုင်ဖို့ တောင်းဆို

RFA Burmese
2024.11.12
မဏိပူရ်မှာ ဖမ်းခံထားရတဲ့ ချင်းလူမျိုးတွေ မီဇိုရမ်ထောင်ကို လွှဲပြောင်းနိုင်ဖို့ တောင်းဆို ၂ဝ၂၃ ခုနှစ်က တွေ့မြင်ရသည့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်မျက်နှာစာ မြင်ကွင်း။
Citizen Photo

အိန္ဒိယနိုင်ငံ မဏိပူရ်ထောင်မှာ ဖမ်းဆီးခံနေရတဲ့ ချင်းလူမျိုးတွေကို မီဇိုရမ်ထောင်ကို လွှဲပြောင်းနိုင်ဖို့ Central Young Mizo Association (CYMA) အဖွဲ့က မီဇိုရမ် ပြည်ထဲရေးဝန်ကြီးကို တောင်းဆိုခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးနဲ့ ချင်းလူငယ်အဖွဲ့တစ်ခုဖြစ်တဲ့ Central Young Mizo Association (CYMA) အဖွဲ့က တာဝန်ရှိသူတွေ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ချင်းလူမျိုးတွေအတွက် တောင်းဆိုခဲ့ကြတာပါ။

ဒီဆောင်ရွက်မှုဟာ အိန္ဒိယနိုင်ငံရောက် တော်လှန်ရေးအင်အားစုတွေ ဝိုင်းဝန်းကြိုးပမ်းမှုရဲ့ အကြီးမားဆုံး အောင်မြင်မှုရလဒ်ဖြစ်တယ်လို့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“ချက်ချင်းလွှတ်ပေးဖို့ကို မတွန်းနိုင်တဲ့အခါကျတော့ ထောင်ပြောင်းပေးဖို့ကို ကျွန်တော်တို့ မီဇိုရမ်အစိုးရတွေ မီဇိုရမ်လူမှုအဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုကို လုပ်ခဲ့တာပေါ့နော်။ အခုတရားဝင်အနေနဲ့ သူတို့ Action ယူပြီးလုပ်တာ ပထမဆုံးအကြိမ်ပါပဲ။ ရလဒ်ကို ကျွန်တော်တို့ စောင့်ကြည့်ရမယ်"

ပြည်ထဲရေးဝန်ကြီးက ရဲတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး မီဇိုရမ်ပြည်နယ်ထောင်ကို လွှဲပြောင်းပေးနိုင်ဖို့ နည်းလမ်းရှာဖွေပေးမယ့်အကြောင်း တုံ့ပြန့်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မဏိပူရ်ပြည်နယ်ကို မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည်ထဲက ဖမ်းဆီးခံထားရတဲ့ ချင်းလူမျိုး ၁၀၀ ကျော်ရှိပြီး စစ်ကောင်စီထံ လွှဲပြောင်းပေးမှာကိုလည်း မိသားစုဝင်တွေက စိုးရိမ်နေကြတာပါ။

မီဇိုရမ်ပြည်နယ် အစိုးရရဲ့စာရင်းအရ မြန်မာဘက်က ခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းသုံးထောင်ကျော် (၃၃,၉၆၁) ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ချင်းအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စာရင်းအရတော့ မြန်မာဘက်ကနေ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ခုနစ်သောင်းဝန်းကျင် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။