မင်းကင်းက ရွာနှစ်ရွာ မီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်တိုင်း မင်းကင်းမြို့နယ် ကျောက်မော်ရွာနဲ့ ကုန်းမော်ရွာတွေကို နိုဝင်ဘာလ ၈ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၅၀ လောက် ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး နှစ်ရွာပေါင်း ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ တစ်ရာကျော်ရှိတဲ့ ကျောက်မော်ရွာက နေအိမ် ၁၅ လုံးနဲ့ အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ကုန်းမော်ရွာက နေအိမ် ၂၅ လုံး စုစုပေါင်း ၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျောက်မော်ကို ပထမဝင်တယ်။ လက်နက်ကြီးတွေနဲ့ အတင်းပစ်ဝင်ပြီးမှ ကျောက်မော်ရွာထဲ ရောက်တဲ့အခါ သူတို့ ရွာထဲကယူချင်တဲ့ ပစ္စည်းတွေကို ယူတယ်။ ယူပြီးတာနဲ့ တစ်ပြိုင်တည်း မီးရှို့တယ်ဗျ။ အဲဒါပြီးတော့ တစ်ခါ ကုန်းမော်က ချောင်းလေးပဲ ကူးရတာဆိုတော့ ကုန်းမော်ရွာကို နောက်ထပ် ထပ်ဝင်ပြန်တယ်။ အဲဒါလည်း ဝင်တော့မယ်ကြံတော့ လက်နက်ကြီးနဲ့ ရွာထဲကိုပစ်ပြီးမှ ဝင်တယ်။ ဝင်ပြီးမှ ရွာထဲမှာလိုချင်တဲ့ ပစ္စည်းတွေကို ယူတယ်။ ယူပြီးမှ အိမ်တွေကို မီးရှို့တယ်”
ကုန်းမော်ရွာကတော့ အောက်တိုဘာလအတွင်းမှာ နေအိမ် ၅၁ လုံးမီးရှို့ခံထားရတာကြောင့် လက်ရှိအချိန်ထိ စုစုပေါင်း နေအိမ် ၇၆ လုံးရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကတည်းက စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ နှစ်ရွာပေါင်းက ဒေသခံ တစ်ထောင်ကျော်ဟာ နိုဝင်ဘာလ ၉ ရက် ဒီနေ့ထိ ရွာကို ပြန်မကပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါ သူ့အနေနဲ့ မသိရှိသေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ စာရင်းအရ စစ်အာဏာသိမ်း (၂၁) လအတွင်း နိုင်ငံတစ်ဝန်း နေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၃၈၅၆၈ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။