မြန်မာအစိုးရ နိုဘယ်ဆု ရနိုင်တယ်လို့ ဖင်လန် ဝန်ကြီးချုပ်ဟောင်းပြော
2013.03.01
ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Martti Ahtisaari က သောကြာနေ့က ပြောလိုက်ပါတယ်။
ဥရောပခရီးစဉ် လှည့်လည်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖင်လန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း မာတီ Martti Ahtisaari နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာအစိုးရဟာ ကြားဖြတ်အစိုးရလိုမျိုးထက် ပိုပြီးရလဒ်တွေ မြန်မြန်ဆန်ဆန် ရရှိအောင်ဆောင်ရွက်နိုင်ကြောင်း၊ အပြောင်းအလဲဟာ အတွင်းအဇ္ဈတ္တက လာတာဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံ အသွင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသာ ပြည့်ပြည့်၀၀ အောင်မြင်အထမြောက်သွားပြီဆိုရင် မြန်မာအစိုးရဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လောင်းစာရင်းမှာ ထိပ်တန်းက ပါဝင်သွားမှာဖြစ်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Martti Ahtisaari က ပြောပါတယ်။
အလားတူ ဖင်လန်သမ္မတ Sauli Niinistoe ကလည်း ဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံအတွက် ယူရိုငွေ ၆ သန်းခွဲကူညီဖို့ ကြေညာခဲ့ပါတယ်။ အဲဒီရန်ပုံငွေထဲကနေ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ထောက်ပံ့သွားမှာဖြစ်ပါတယ်။