လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသတွင်း အရပ်သား ၇၀ ကျော်သေဆုံးခဲ့ကြောင်း MNDAA ထုတ်ပြန်
2024.01.09
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ ဇန်နဝါရီလ ၇ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ(၁)မှာ စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇၃ ဦးသေဆုံးပြီး ၇၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇန်နဝါရီလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့က ကိုးကန့်အထူးဒေသ ၁ သိန္နီခရိုင် မိုင်းယော်ဒေသမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သလို နေအိမ် ဆယ်လုံးကျော် ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့ကလည်း သိန္နီမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပန်းလော်ရွာက မိသားစုဝင်သုံးဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့ကတော့ လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်မှာ လက်နက်ကြီးကျရောက်ပေါက်ပွဲတာကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့လေကြောင်းကနေပစ်ခတ်မှုတွေကြောင့် အရပ်သားတွေထိခိုက်သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် (၁၄) မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅၀ နီးပါး သေဆုံးခဲ့ပါတယ်။