ကိုးကန့်ခေါင်းဆောင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေအပေါ် တရုတ်ငြင်းဆို
2024.11.19
ကိုးကန့်တပ်မတော် (MNDAA) ခေါင်းဆောင် တရုတ်ပြည်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ငြင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ တွေ့ဆုံဖို့သွားတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်အစိုးရက ပြန်ခွင့်မပေးဘဲ ယူနန်ပြည်နယ်က ဟိုတယ်မှာ အကျယ်ချုပ်ထိန်းသိမ်းထားတယ်လို့ မနေ့က သတင်းတွေထွက်ပေါ်ခဲ့တာပါ။
အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး ပေကျင်းမြို့မှာ ဒီနေ့ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Peng ဟာ တရုတ်နိုင်ငံကို ဆေးကုသမှုခံယူဖို့ လာရောက်ခဲ့ပြီး၊ အခုချိန်မှာ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဦးဖုန်တာရွှင်ရဲ့ အခြေအနေ အသေးစိတ်နဲ့ ဘယ်နေရာမှာရှိတယ်ဆိုတာကိုတော့ ဖြေကြားခဲ့တာမရှိပါဘူး။ MNDAA တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်အစိုးရဘက်က လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်ဆုတ်ပေးဖို့ အမျိုးမျိုး ဖိအားပေးနေတာဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှု မပြေလည်တာကြောင့် ဦးဖုန်တာရွှင်ကို အခုလိုထိန်းသိမ်းထားတာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးနဲ့ တရုတ်မြန်မာ နယ်စပ်က အရေးပါတဲ့ ကုန်သွယ်ရေးဂိတ်တွေရှိရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်၊ ပန်ဆိုင်း၊ မုံးကိုမြို့တွေ အပါအဝင် မြို့ပေါင်း ကိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။