တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီထံ ခိုလှုံသွားကြောင်း ပြောဆိုချက် MNDAA ငြင်းဆို
2023.10.01
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) က တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်တွေနဲ့ စစ်ကောင်စီထံ ဝင်ရောက်ခိုလှုံလာတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်ဟာ သတင်းမှားဖြစ်တယ်လို့ MNDAA က ငြင်းလိုက်ပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ MNDAA အဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ်ဆိုတဲ့ကိစ္စက စစ်ကောင်စီရဲ့ နိုင်ငံရေးပြသမှုတစ်ခုသာဖြစ်ကြောင်း MNDAA ပြောခွင့်ရှိသူ Li Tianfu က ပြောတယ်ဆိုပြီး MNDAA သတင်းတွေဖော်ပြနေတဲ့ The Kokang မီဒီယာမှာ အောက်တိုဘာ ၁ ရက်နေ့က ရေးသားခဲ့ပါတယ်။
စစ်ကောင်စီထံ လက်နက်ချပြီး အလင်းဝင်တယ်ဆိုတဲ့ သူတွေဟာ ပြီးခဲ့တဲ့နှစ်တွေက MNDAA က ခွဲထွက်သူတွေ၊ အားလပ်ရက်တွေမှာ သူတို့နေရပ်ပြန်သွားပြီး တပ်ကို ပြန်မလာတဲ့သူတွေသာဖြစ်တယ်လို့ MNDAA ပြောခွင့်ရှိသူ Li Tianfu က ပြောတယ်လို့ ဆိုပါတယ်။
MNDAA ဘက်က ငြင်းဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။
စက်တင်ဘာ ၂၈ ရက်နေ့က MNDAA အဖွဲ့ဝင် ၂၈ ဦး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းတွေနဲ့ အတူ လောက်ကိုင်မြို့က စစ်ကောင်စီတပ်ဖွဲ့ထံ ဝင်ရောက်လာလို့ ထောက်ပံ့ငွေတွေ ပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီးရှစ်ဦးဟာ လက်နက်ငယ်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခုအပါအဝင် ခဲယမ်း၊ လက်ပစ်ဗုံးတွေပါ စစ်ကောင်စီထံ ပေးအပ်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေကို ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ကြောင်း စဉ်ဆက်မပြတ် ပြောဆိုနေပါတယ်။