စစ်သုံ့ပန်း မိသားစုဝင် ၃၁ ဦးကို MNDAA ပြန်လွှတ်ပေး
2024.10.20
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၃၁ ဦးကို ကိုးကန့်တပ်မတော် (MNDAA) က ပြန်လွှတ်ပေးလိုက်တယ်လို့ MNDAA က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကို ကိုးကန့်တပ်မတော် (MNDAA)ရဲ့ နိုင်ငံရေးဌာန တာဝန်ရှိသူတွေက နေရပ်ပြန်နိုင်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က ညှိနှိုင်းဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
နေရပ်ပြန်သွားသူတွေကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ မဟာမိတ်တပ်နိုင်ငံရေးဌာနတာဝန်ရှိသူတွေက လုံခြုံတဲ့နေရာအထိ လိုက်လံပို့ဆောင်ပေးခဲ့တာလို့ MNDAA က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတချို့ ဒဏ်ရာရထားလို့ နေရပ်မပြန်လိုတဲ့ မိသားစုဝင်တွေရှိခဲ့ပေမယ့် ညှိနှိုင်းမှုကြောင့် အားလုံးကို နေရပ်ပြန်ပို့ဆောင်ပေးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့နဲ့ နီးစပ်သူ စစ်ရေးရင်းမြစ်တစ်ဦးက ပြောပါတယ်။
“နေရာကတော့လုံခြုံစိတ်ချရတဲ့ နေရာရောက်တဲ့အထိ ပို့ပေးပါတယ်။ မပြန်ချင်သေးတဲ့အကြောင်းရင်းက တချို့စစ်သုံ့ပန်းတွေက ဒဏ်ရာရခဲ့ကြလို့လေ။ အခုတော့ သက်သာကြပါပြီ။ ပြန်လွှတ်ပေးဖို့ အစီအစဥ်ရှိတယ် စိတ်ချလက်ချပြန်ကြပါ။ ကျန်ခဲ့တဲ့ ခင်ပွန်းသည်(စစ်သုံ့ပန်း)တွေကို ဘာမှစိတ်မပူနဲ့လို့ သေချာပြောပြပေးတော့ စိတ်ချပြီးပြန်သွားကြတာပါ”
MNDAA တပ်အနေနဲ့ လုံခြုံစိတ်ချရတဲ့ စစ်ဘေးကြားခံဇုန်နေရာအထိ ပြန်လည်ပို့ဆောင်ပေးခဲ့သလို မိသားစုဝင်တွေအတွက် စားနပ်ရိက္ခာနဲ့ သက်ဆိုင်ရာခရီးစရိတ်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းအရေအတွက်ကိုတော့ လုံခြုံရေးအရ ပြောလို့မရကြောင်း ကိုးကန့်တပ်ဖွဲ့ နဲ့ နီးစပ်သူ စစ်ရေးရင်းမြစ်က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ရိုက်နှက်ညှဉ်းပန်းတာနဲ့ စိတ်ဓာတ်ရေးရာကို စော်ကားတာတွေ မလုပ်ဘဲ MNDAA မဟာမိတ်တပ်ရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာနေမယ်လို့လည်း မိသားစုဝင်တွေနဲ့ညှိနှိုင်းခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
စစ်သုံ့ပန်းတွေကို MNDAA က ပြန်လွှတ်ပေးလိုက်ကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
MNDAA က လားရှိုးမြို့ကို သြဂုတ်လ ၃ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ယာယီ အခြေချနေထိုင်စခန်းကို ပြောင်းရွှေ့နေထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။