MNDAA တပ်စခန်းတွေကို စစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်နေ
2023.06.04
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် အထူးဒေသ (၁) မှာရှိတဲ့ MNDAA တပ်စခန်းတွေကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ MNDAA ဘက်က ထုတ်ပြန်ပါတယ်။
မူပန်ခရိုင်၊ ပြင်းတောင်ရွာမှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ယာယီတပ်စခန်းကို ဇွန်လ ၂ ရက်နေ့မှာ စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၄ ရက် ဒီကနေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ ကိုးကန့်သတင်းမီဒီယာကနေတစ်ဆင့် ထုတ်ပြန်ချက်မှာပါပါတယ်။
MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲပျက်သွားပြီး နောက်တစ်ရက်မှာပဲ အခုလိုတိုက်ပွဲတွေ ဖြစ်လာတာပါ။
အဲဒီဆွေးနွေးပွဲကို တရုတ်အစိုးရရဲ့အစီအစဉ်နဲ့ မိုင်းလားမှာ သုံးရက်တာ ကျင်းပဖို့ ပြင်ဆင်ခဲ့ပေမဲ့ AA၊ TNLA၊ MNDAA တို့သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ဆွေးနွေးမယ့်အကြောင်းအရာတွေ သဘောမတူတာကြောင့် စတင်ကျင်းပတဲ့နေ့မှာပဲ ပွဲပျက်သွားတာဖြစ်ပါတယ်။
ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်သား အင်အားတစ်ရာလောက်ဟာ MNDAA တပ်ဖွဲ့ရှိတဲ့ ရှောက်မင်ရှမ်းနဲ့ ချောက်ချိုင့်ပါ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MNDAA ကပြောပါတယ်။
သုံးနာရီလောက်ကြာတဲ့ အဲဒီတိုက်ပွဲအတွင်း MNDAA ဘက်က တစ်ဦးသေဆုံးပြီး စစ်ကောင်စီဘက်က သေဆုံးတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဇွန်လ ၄ ရက် ဒီကနေ့မှာလည်း ကြာကျည်ရှူဒေသမှာ အခြေချတဲ့ စစ်ကောင်စီတပ်က ကျန်တစ်ရှမ်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ MNDAA က ပြောပါတယ်။
ကိုးကန့်ဘက်ကတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်သိရဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
တပ်စခန်းတွေကို ထိုးစစ်ဆင်ရုံသာမက စစ်ကောင်စီတပ်တွေဟာ ဒေသခံအရပ်သားတွေသွားလမ်းကြောင်းတွေကို ပိတ်ဆို့တားမြစ်တာတွေလည်း ရှိနေတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။