လားရှိုးထောင်က တအာင်းအကျဉ်းသားတစ်ရာကျော် MNDAA လွှဲပြောင်းပေး

RFA Burmese
2024.08.03
လားရှိုးထောင်က တအာင်းအကျဉ်းသားတစ်ရာကျော် MNDAA လွှဲပြောင်းပေး MNDAA က လားရှိုးအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် တအာင်းလူမျိုး ၁၁၈ ဦးအား လွှဲပြောင်းပေးခဲ့သည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့က TNLA က ထုတ်ပြန်ထားစဉ်။
PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ တအာင်းလူမျိုး ၁၁၈ ဦးကို ကိုးကန့်တပ်မတော် (MNDAA) က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဩဂုတ်လ ၃ ရက်နေ့က TNLA က ထုတ်ပြန်လိုက်ပါတယ်။

MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီလက်အောက်ရှိ လားရှိုးထောင်ကို ဇူလိုင်လ ၂၄ ရက်နေ့က သိမ်းယူခဲ့တာပါ။

ဒီလားရှိုးထောင်ထဲမှာ အကျဉ်းကျနေသူတွေထဲက တအာင်းအမျိုးသား ၁၁၈ ဦးက MNDAA က လွှဲပြောင်းပေးတာဖြစ်ပြီး အဲအထဲမှာ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံရသူ ငါးဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် မူးယစ်မှုနဲ့ ထောင်ကျနေတသူ ၈၆ ဦး၊ မသင်္ကာမှုနဲ့ ၁၅ ဦး၊ လူကုန်ကူးမှုနဲ့ နှစ်ဦး၊ လောင်းကစားမှုနဲ့ တစ်ဦး စတဲ့ ပုဒ်မတွေနဲ့ ထောင်ကျနေသူတွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအကျဉ်းသားတွေကို TNLA အုပ်ချုပ်ရေးဌာနကနေ လက်ခံနေရာချထားပြီး သူတို့အမှုတွေကို ပြန်လည်စီစစ်ကာ ပြန်လွှတ်ပေးတာ၊ ပြစ်မှုနဲ့ ပတ်သက်ပြီး ပြန်လည်စိစစ်အရေးယူတာ စတာတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်ပေမဲ့ သက်ဆိုင်ရာမိသားစုထံနဲ့ TNLA ဆီ မရောက်ရှိသေးတဲ့ တအာင်းနိုင်ငံရေး အကျဥ်းသားတွေကိုလည်း မိသားစုထံ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် MNDAA နဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်နေတယ်လို့လည်း ရေးသားထားပါတယ်။

လားရှိုးအကျဉ်းထောင်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဇူလိုင်လ ၂၉ ရက်နေ့က ပြောထားပါတယ်။

ဒီလားရှိုးထောင်ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာတော့ မရှိသေးပါဘူး။

လားရှိုးထောင်က အခြားအကျဉ်းသားတွေကိုလည်း MNDAA က ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ MNDAA ကလည်း ထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။