ရမခ တိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်း သုံးရာခန့် MNDAA ပြန်လွှတ်ပေး
2024.08.15
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်း သုံးရာခန့် (၂၉၆ ဦး) ကို ကိုးကန့်တပ်မတော် (MNDAA) က ဩဂုတ်လ ၁၄ ရက် မနေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ RFA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက အတည်ပြုပြောပါတယ်။
အဲဒီ စစ်သုံ့ပန်းတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) က လာရောက်ခေါ်ဆောင်ခဲ့ပြီး မိုင်းရယ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ - ၆၇ ကို ပို့ဆောင်လိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ RFA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“မနေ့က လားရှိုး ရမခ သိမ်းတုန်းက လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်း ၂၉၆ ဦးကို ပြန်လွှတ်ပေးလိုက်ပါပြီ။ စစ်သုံ့ပန်းမိသားစုဝင်တွေကိုလည်း နေ့တိုင်းလွှတ်ပေးနေပါတယ်”
ဩဂုတ်လ ၁၄ ရက် မနေ့က RFA ကိုပေးပို့လာတဲ့ ရုပ်သံတွေထဲမှာတော့ ဒဏ်ရာရ စစ်သုံ့ပန်းတွေလည်း ပါဝင်သလို သက်ကြီးရွယ်အို စစ်သုံ့ပန်းအများအပြား ပါဝင်တာကို တွေ့ရပါတယ်။ ဩဂုတ်လ ၁၁ ရက်နေ့က လည်း ပြင်းထန်ဒဏ်ရာရတဲ့ စစ်သုံ့ပန်း ၄၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီစစ်သုံ့ပန်းတွေကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးတဲ့အပေါ် ကိုးကန့်တပ်မတော် (MNDAA) ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းမောင် ကတော့ ရမခ ဘက်က အဆက်အသွယ်တွေ ပြတ်တောက်နေတာကြောင့် အဲဒီအခြေအနေကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကစလို့ ရမခ တိုက်ပွဲကနေ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို ပြန်လွှတ်ပေးနေတာ နှစ်ထောင်ကျော်ရှိပြီးလို့ RFA ရဲ့ စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ် (ရမခ) ကို ဩဂုတ်လ ၃ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ ဖမ်းဆီးခံထားရပြီး စစ်ကောင်စီဘက်ကလည်း အရာရှိကြီးတွေ ဖမ်းဆီးခံထားရကြောင်း အတည်ပြုထားပါတယ်။