MNDAA က ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် နှစ်ထောင်ခန့်ရှိလာ

RFA Burmese
2024.08.11
MNDAA က ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် နှစ်ထောင်ခန့်ရှိလာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်းမိသားစုဝင်အချို့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကိုးကန့်တပ်မတော် (MNDAA) မှ ပြန်လွှတ်ပေးနေစဉ်။
Screenshot: Citizen Video

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနာချုပ် (ရမခ) တိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ ဒဏ်ရာရ စစ်သုံ့ပန်းတချို့ အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် နှစ်ထောင်နီးပါးကို ကိုးကန့်တပ်မတော် (MNDAA) က ပြန်လွှတ်ပေးခဲ့တယ်လို့ RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဩဂုတ်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ကနေ ဩဂုတ်လ ၁၁ ရက်နေ့ထိ ပြင်းထန်ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦးနဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၇၆၂ ဦး၊ စုစုပေါင်း ၁၈၀၇ ဦးကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ကိုတော့ ဖမ်းဆီးထားစဉ်မှာ ဆေးကုသမှုပေးခဲ့တယ်။ ပြင်းထန်ဒဏ်ရာရတဲ့ စစ်သုံ့ပန်းတွေပါ ပြန်လွှတ်ပေးတာရှိတယ်"

RFA ကို ပေးပို့လာတဲ့ ရုပ်သံတွေမှာလည်း ခြေထောက်ကို ထိခိုက်ထားတဲ့ ဒဏ်ရာရစစ်သည်တွေအပါအဝင် ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ထပ်မံပါဝင်လာတာ တွေ့ရပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် လေးထောင်ကျော်ရှိတယ်လို့ RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပေမဲ့ ကိုးကန့်တပ်မတော် (MNDAA) ကတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြန်လွှတ်ပေးခဲ့တဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို ဘယ်နေရာမှာ လက်ခံထားတယ်၊ စစ်ကောင်စီက ဘယ်လိုဆောင်ရွက်မယ်ဆိုတာ သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဩဂုတ်လ ၃ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ ဖမ်းဆီးခံထားရပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း အရာရှိကြီးတွေ ဖမ်းဆီးခံကြောင်း အတည်ပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။