မြန်မာလူဦးရေ နှစ်သန်းခန့် မုန်တိုင်းဒဏ်ခံရမယ့် အန္တရာယ်ရှိနေ

RFA Burmese
2023.05.11
မြန်မာလူဦးရေ နှစ်သန်းခန့် မုန်တိုင်းဒဏ်ခံရမယ့် အန္တရာယ်ရှိနေ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းမှ ဒေသခံများ ကြိမ်ခွေမော်ရွာတွင် မုန်တိုင်းရှောင်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းတဲ့ မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်နေပြီး ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတွေကို ဦးတည်ရွေ့လျားနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၁ ရက် မနက်ပိုင်းက သတိပေးချက် ထုတ်ပြန်ပါတယ်။

မေလ ၁၁ ရက် မနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြောက်နဲ့ အနောက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းတဲ့ မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်နေပြီလို့ ဆိုပါတယ်။

မိုခါမုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့ ကိုကိုးကျွန်းမြို့ အနောက်၊ အနောက်တောင်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ အနောက်၊ အနောက်တောင်ဘက် ရေမိုင် (၄၇၅) မိုင်ခန့်၊ စစ်တွေမြို့ တောင်၊ အနောက်တောင်ဘက် ရေမိုင် ၆၁၅ မိုင်ခန့်အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုန်တိုင်းအန္တရာယ် ကျရောက်နိုင်တဲ့ ရခိုင်ပြည်နယ်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင် နေပြီလို့ ရခိုင်အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ ဝံလက်ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူး ဦးခိုင်ကောင်းစံ က RFA ကို ပြောပါတယ်။

"လက်ရှိ ရခိုင်မှာတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ အဓိကတော့ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ မြေပုံ မြို့နယ်တွေပေါ့။ အစိုးရကရော၊ အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကရော တကယ်လို့ဖြစ်လာရင် ငွေကြေးရော၊ ရိက္ခာရော၊ ကျန်းမာရေးရော ကူညီပေးဖို့ အဆင်သင့် လုပ်နေတာတွေ့ရတယ်။ ပြည်သူတွေကလည်း လုံခြုံမယ့်နေရာမှာ ရှောင်နေတာ။ ဖြစ်လာရင် ရှောင်နေဖို့ စုရပ်တွေ ရှာထားတာ ရှိပါတယ်"

ပြည်သူတွေအနေနဲ့လည်း မုန်တိုင်းမတိုက်ခင်မှာ ရိက္ခာနဲ့ ရေ စုဆောင်းတာ၊ လုံခြုံမယ့် နေရာကို ပြောင်းရွှေ့တာနဲ့ မိုးလေဝသသတင်းတွေကို အချိန်တိုင်း မျက်ခြေမပြတ် သတိထားစောင့်ကြည့်ဖို့ သူက တိုက်တွန်းပါတယ်။

ကမ္ဘာ့သဘာဝဘေးအန္တရယ်ဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း စနစ် (GDACS) ကလည်း မုန်တိုင်းဝင်ရောက်တိုက်ခိုက်မယ့် အခြေအနေကြောင့် မြန်မာနိုင်ငံက လူဦးရေ နှစ်သန်းခန့် ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့်သတိပေးချက်ကို ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

GDACS ရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က လူဦးရေ ကိုးသိန်း သုံးသောင်း၊ ချင်းပြည်နယ်က လူဦးရေ နှစ်သိန်း တစ်သောင်း၊ မကွေးတိုင်းက လူဦးရေ တစ်သောင်း ခုနစ်ထောင် နဲ့ စစ်ကိုင်းတိုင်းက လူဦးရေ လေးသိန်း လေးသောင်း တို့ဟာ အန္တရာယ်ရှိတဲ့ အားပြင်းမုန်တိုင်းဒဏ်ကို ခံစားရနိုင်ကြောင်း သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။