မုန်တိုင်းသင့် ချင်းနဲ့ရခိုင်ကို အမေရိကန်အစိုးရ ဒေါ်လာနှစ်သိန်း စတင်ကူညီ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.17
မုန်တိုင်းသင့် ချင်းနဲ့ရခိုင်ကို အမေရိကန်အစိုးရ ဒေါ်လာနှစ်သိန်း စတင်ကူညီ မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့တစ်နေရာကို မေလ ၁၆ ရက်နေ့က မြင်တွေ့ရစဉ်။
RFA

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အမေရိကန်ဒေါ်လာနှစ်သိန်း ( မြန်မာကျပ်ငွေသိန်းလေးထောင်ကျော်)ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးသွားမယ်လို့ အမေရိကန်သံရုံးက မေလ ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီငွေပမာဏဟာ ကနဦးအနေနဲ့ပေးအပ်တာဖြစ်ပြီး ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ လိုအပ်နေတဲ့ နေစရာရရှိရေး၊ ရေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူရာမှာ အသုံးပြုဖို့ဖြစ်တယ်လို့ ပြောပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေကို အမေရိကန်အစိုးရက ဆက်လက်ကူညီသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၄၀၀ ဝန်းကျင် သေဆုံးခဲ့သလို မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ မြို့တစ်ခုလုံးဟာ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

2.jpg
မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တစ်နေရာကို မေလ ၁၆ ရက်နေ့က မြင်တွေ့ရစဉ်။ (Photo:RFA)

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေများတဲ့အတွက် ရခိုင်ပြည်နယ်ကို နိုင်ငံတကာက အားစိုက်ကူညီမှသာ ပြန်လည်ထူထောင်နိုင်တော့မယ့် အခြေအနေရှိတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် လူထုဘေးဒဏ်ခံနိုင်စွမ်းအတွက် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့၊ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်း က RFA ကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က"ဒုက္ခသည်စခန်းက ရိုဟင်ဂျာပြည်သူတွေ မသေဆုံးသင့်ဘဲ အမြောက်အများ အသက်ဆုံးရှုံးရတာကို ကြားသိရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးမှုများရှိတာကိုလည်း ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးအပိုင်းတွေမှာ ပိုပြီးကြိုးပမ်းလုပ်ဆောင်ရမယ်ဆိုတာ သတိပြုမိပါတယ်" လို့ မေလ ၁၇ ရက်နေ့ ဒီနေ့ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။

မုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် NUG က အမေရိကန် ဒေါ်လာတစ်သန်း ပံ့ပိုးဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မုန်တိုင်းသင့် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ဒုက္ခသည်တွေအတွက် မြန်မာငွေကျပ် ၅၉ သန်း ထောက်ပံ့ထားတယ်လို့ မေလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တွေမှာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ငွေကျပ် ၂၈ သန်း ထောက်ပံ့ထားတယ်လို့ ပြောပါတယ်။

3.jpg
မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တစ်နေရာကို မေလ ၁၆ ရက်နေ့က မြင်တွေ့ရစဉ်။ (Photo:RFA)

အမေရိကန်သံရုံးကတော့ မုန်တိုင်းမဝင်ခင် ရက်ပိုင်းကတည်းက အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့မိတ်ဖက်အဖွဲ့တွေက အရေးပေါ် စားနပ်ရိက္ခာတွေ၊ အမိုးအကာတွေ၊ အဓိကကျတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ ကြိုတင်နေရာရွှေ့ပြောင်းတာတွေကို လုပ်ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းပြီးနောက် ဦးစားပေးနေရာတွေကို သုံးသပ်ပြီး ကူညီနိုင်ဖို့ ဒီအဖွဲ့တွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။