မုန်တိုင်းသင့်ဒေသတွေအတွက် အာဆီယံရဲ့ အကူအညီ မေ ၂၁ ရက် စတင်မည်

RFA Burmese
2023.05.20
မုန်တိုင်းသင့်ဒေသတွေအတွက် အာဆီယံရဲ့ အကူအညီ မေ ၂၁ ရက် စတင်မည် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့မှ အပျက်အစီးတချို့အား ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN က မြန်မာနိုင်ငံက မိုခါမုန်တိုင်းသင့် ပြည်သူတွေအတွက် ပထမဆုံး အကူအညီ အထောက်အပံ့တွေကို မေလ ၂၁ ရက်နေ့ စတင်ပေးပို့မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အထောက်အပံ့ပစ္စည်းတွေဟာ မလေးရှားနိုင်ငံ Subang နဲ့ ထိုင်းနိုင်ငံ Chainat မှာရှိတဲ့ အာဆီယံရဲ့ သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ် ထောက်ပံ့ရေး သိုလှောင်ရုံတွေမှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

မေ ၂၂ နဲ့ ၂၃ တွေမှာလည်း အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ထိုင်း စစ်လေယာဉ်တွေနဲ့ အကူအညီတွေ ထပ်ပြီးပေးပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အရေးပေါ်ကူညီရေးအဖွဲ့ကို ပံ့ပိုးနိုင်ဖို့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) အမှုဆောင်ဒါရိုက်တာနဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံက အာဆီယံအရေးပေါ် တုံ့ပြန်ရေးနဲ့ လေ့လာတွက်ချက်ရေး အဖွဲ့က တာဝန်ရှိသူတွေ အပါအဝင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူတွေလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ Bernama သတင်းက ဖော်ပြပါတယ်။

ဒီကိုယ်စားလှယ်တွေက အချက်အလက်တွေ ကွင်းဆင်းအချက်အလက်တွေ စုဆောင်းနေပြီး လိုအပ်ချက်တွေကို အလျင်အမြန်အကဲဖြတ်ဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။