မုန်တိုင်းကြောင့် ကျောက်တော်မှာ လူ တစ်ထောင်နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

RFA Burmese
2023.05.17
မုန်တိုင်းကြောင့် ကျောက်တော်မှာ လူ တစ်ထောင်နီးပါး အိုးမဲ့အိမ်မဲ့ဖြစ် မိုခါမုန်တိုင်းကြောင့် ကျောက်တော်မြို့နယ်၊ အောက်ယွန်းချောင်းကျေးရွာမှ အပျက်အစီးများအား ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ အောက်ယွန်းချောင်းကျေးရွာက နေအိမ်အားလုံးနီးပါးပျက်စီးခဲ့ပြီး လူဦးရေ တစ်ထောင်နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ကာ စားဝတ်နေရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်ယွန်းချောင်းရွာမှာ နေအိမ် ၂၀၀ ရှိပြီး အဲဒီထဲက အိမ် ငါးလုံးသာကျန်တယ်လို့ ပြောပါတယ်။

လောလောဆယ် ဒေသခံတွေဟာ တဲထိုးပြီးဖြစ်သလို နေထိုင်နေကြတယ်လို့ အောက်ယွန်းချောင်း ရွာသားတစ်ဦးက ပြောပါတယ်။

“အခုက တဲတွေ ဘာတွေထိုးပြီးနေကြတယ်။ မိုးတွေရွာရင်တော့ ဘုန်းကြီးကျောင်းမှာ သွားခိုကြရတယ်။ ကျောက်တော်မြို့ပေါ်ကို သွားဖို့ကလည်း လမ်းခရီးကခက်သလို၊ ဟိုကနေလာကူကြဖို့လည်း ခက်တော့ နေထိုင်စားသောက်ရေး ခက်နေတာပေါ့”

မေလ ၁၇ ရက် ဒီနေ့အထိ ကယ်ဆယ်ကူညီရေးအဖွဲ့တွေ ရောက်မလာသေးတဲ့အတွက် ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပြင် နာမကျန်းသူတွေအားလုံး အခက်အခဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။

နေအိမ်တွေပျက်စီးသွားပေမဲ့ အောက်ယွန်းချောင်းရွာမှာ ထိခိုက်သေဆုံးတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေမြို့အနီးကနေ မေလ ၁၄ ရက်နေ့က ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်တွေမှာ နေအိမ်တွေ ရာနှုန်းပြည့်နီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ ဒသမ ၄ သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။