မိုခါမုန်တိုင်းကြောင့် လူ ၄၃၅ ဦးသေဆုံးဟု NUG ထုတ်ပြန်
2023.05.16
မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားတဲ့ မိုခါမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ ၄၃၅ ဦး သေဆုံးတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက မေလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၅ ရက်နေ့အထိ RFA က ကောက်ယူထားတဲ့ စာရင်းအရ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ မုန်တိုင်းကြောင့် သေဆုံးသူ ၃၁ ဦးရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၄ဝဝ ကျော် သေဆုံးခဲ့တယ်လို့ NUG ရိုဟင်ဂျာအကြံပေးအဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို မေ ၁၆ ရက်နေ့က ပြောထားပါတယ်။
ဆက်သွယ်ရေးပြတ်တောက်နေတဲ့ ဒေသတွေက အပျက်အစီးစာရင်းတွေကို ကောက်ယူနေပြီး သေဆုံးသူ အရေအတွက်လည်း ထပ်မံတိုးလာနိုင်ခြေရှိတယ်လို့ NUG ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ထိခိုက်ပျက်စီးမှုများတဲ့ ရခိုင်ပြည်နယ်မှာ အိမ်ခြေငါးသိန်းစာအတွက် တာပေါ်လင်- မိုးကာစနဲ့ လေဘေးသင့်ပြည်သူဦးရေ တစ်သန်းအတွက် အစားအသောက်နဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
အများဆုံး ထိခိုက်ပျက်စီးခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဦးစားပေးကူညီဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
NUG လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက မုန်တိုင်းသင့် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ဒုက္ခသည်တွေအတွက် ၅၉ သန်း ထောက်ပံ့ထားတယ်လို့ ပြောပါတယ်။
NUG ကျန်းမာရေးဝန်ကြီးဌာနကတော့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တွေအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ၂၈ သန်း ထောက်ပံ့ထားကြောင်း ပြောပါတယ်။