ချင်းနဲ့ရခိုင်ပြည်နယ်မှာ မုန်တိုင်းဖြတ်ကျော်ပြီးကြောင်း မိုးဇလ ထုတ်ပြန်
2023.05.14

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို မုန်တိုင်းဖြတ်ကျော်ပြီးဖြစ်တာကြောင့် အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပြီလို့ စစ်ကောင်စီရဲ့ မိုးလေဝသဌာနက မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အစိမ်းရောင့်အဆင့်ဆိုတာဟာ လုံခြုံစိတ်ချရပြီဖြစ်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ရမယ့် အချိန်ကို ရည်ညွန်းတာဖြစ်ပါတယ်။
မိုခါမုန်တိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့အနီးကိုရောက်လာပြီး မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာတော့ မိုခါမုန်တိုင်းဟာ အလွန်အန္တရာယ်များတဲ့ အညိုရောင်အဆင့်အဖြစ် ရှိနေတယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ နောက်(၆)နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွား နိုင်တယ်လို့ မိုးလေဝသဌာန ကပြောပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မေလ ၁၅ ရက်နေ့ မနက်ကနေ နောက်တစ်ရက် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ကျနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၄၅ မိုင်ရှိနိုင်တယ်လို့ ပြောပါတယ်။ လှိုင်းအမြင့်က မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ (၈)ပေကနေ (၁၂)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို မိုင်(၄၀)ခန့်နဲ့ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ တစ်နာရီကို လေမိုင် (၂၅)မိုင်ကနေ မိုင်(၃၀)ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မုန်တိုင်း ရွေ့လျားရာတစ်လျှောက် ဒေသတွေမှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာ နဲ့အတူ မြေပြိုနိုင်တဲ့အတွက် သတိထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။