မုန်တိုင်းသင့် ရခိုင်ကို AA ကတစ်ဆင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG ကူညီ

RFA Burmese
2023.05.23
မုန်တိုင်းသင့် ရခိုင်ကို AA ကတစ်ဆင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG ကူညီ မိုခါမုန်တိုင်း တိုက်ခတ်အပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့က အပျက်အစီးများအား ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်။
AFP

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က စုစုပေါင်း ငွေကျပ်သိန်းနှစ်ထောင့်ငါးရာကို ရက္ခိုင့်တပ်တော် AA က တစ်ဆင့် ထောက်ပံ့ကူညီခဲ့ပါတယ်။

SSPP က ကျပ်သိန်းတစ်ထောင်၊ TNLA က ကျပ်သိန်းငါးရာနဲ့ NUG က ငွေကျပ် သိန်းတစ်ထောင် ပေးအပ်ခဲ့တာလို့ AA က ဒီရက်ပိုင်းအတွင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားတာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်သူတွေဒုက္ခရောက်နေချိန်မှာ အခုလို ပံ့ပိုးကူညီပေးတာကို ပြည်သူလူထုကိုယ်စား ကျေးဇူးတင်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကြေညာချက်မှာ ပြောထားပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အမိုးအကာအောက် အမြန်ရောက်ဖို့၊ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ အရေးတကြီးလုပ်ရမယ့် နောက်ဆက်တွဲလုပ်ငန်းတွေအတွက် လူအား၊ ငွေအားရှိသမျှ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း AA က မေလ ၂၁ ရက်နေ့မှာ ပြောထားပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတွေကို ရှင်းလင်းပြုပြင်ဖို့၊ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းဖို့၊ ဆားငန်ရေဝင်ရောက်ခဲ့တဲ့ သောက်သုံးရေကန်တွေကို အမြန်ဆုံးပြန်အသုံးပြုနိုင်အောင် လုပ်ဖို့လိုနေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုလုပ်ငန်းတွေမှာ လူအင်အားလိုအပ်နေတဲ့အတွက် မြို့နယ်အသီးသီးမှာ လူငယ်အစုအဖွဲ့တွေစုဖွဲ့ပြီး AA ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ကူညီလုပ်အားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးသင့်တဲ့ ဒေသခံတွေကို အကူအညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ငါးဦးဟာ မေလ ၂၃ ရက် နေ့လယ်ပိုင်းမှာ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို ကူညီထောက်ပံ့ဖို့သွားချိန် စစ်တွေမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ကျောက်တန်းစစ်ဆေးရေးဂိတ်အလွန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီကလည်း မုန်တိုင်းသင့်ဒေသတွေကို ကူညီဖို့ အာဆီယံနိုင်ငံတွေကပေးပို့တဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်းခန့် တန်ဖိုးရှိတဲ့ သဘာဝဘေး ကူညီရေးပစ္စည်းတွေ လက်ခံရရှိထားတယ်လို့ မေ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က သန်းနဲ့ချီတဲ့ မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် ရိက္ခာ၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ထောက်ပံ့ဖို့ အမေရိကန် ဒေါ်လာ ၃၇၅ သန်း လိုအပ်နေတယ်လို့ မေလ ၂၃ ရက်နေ့မှာ ထုတ်ဖော်ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။