မုန်တိုင်းသင့်ပြည်သူတွေကိုကူညီရေး တားမြစ်တာမရှိဘူးလို့ ရခိုင်စစ်ကောင်စီပြော
2023.06.11
မိုခါမုန်တိုင်းကြောင့် နေအိမ်တွေထိခိုက်ပျက်စီးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေကို အကူအညီပေးရေးအတွက် ဘယ်အဖွဲ့အစည်းကိုမှ တားမြစ်ပိတ်ပင်တာမရှိဘူးလို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောထားပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးကြမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေအနေနဲ့ ကူညီထောက်ပံ့ရေးလုပ်တဲ့အခါ သက်ဆိုင်ရာ မြို့နယ်စစ်ကောင်စီ အဖွဲ့ကို အကြောင်းကြားရမှာဖြစ်တယ်လို့ ဦးလှသိန်းက သူ့ရဲ့လူမှုကွန်ရက်ဖြစ်တဲ့ သိကြားစေချင်ငွေသဇင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဇွန်လ ၁၀ ရက်က ရေးသားထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ရုတ်တရက် ရပ်တန့်လိုက်တာဟာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ဖို့ရှိတာကြောင့် ရန်ကုန်-စစ်တွေပြေးဆွဲနေတဲ့ ကုန်တင်သင်္ဘောတွေကို ရပ်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက် လူမှုကူညီရေးအဖွဲ့တွေရဲ့ ကူညီထောက်ပံ့ရေးသွားလာခွင့်ကို ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီကနေ ခွင့်ပြုပေးထားတာပါ။
ဒီလိုခွင့်ပြုပေးခဲ့တာကို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဇွန်လ ၇ ရက်ကစပြီး လက်မှတ်ထိုးပိတ်လိုက်တာလို့ အရပ်ဘက်အဖွဲ့အစည်းတွေက RFA ကို ပြောထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကလည်း မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေထံ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခုလိုပိတ်လိုက်တာကြောင့် မုန်တိုင်းသင့်ပြည်သူတွေအတွက်အရေးကြီးတဲ့ သောက်သုံးရေ၊ အစားအသောက်နဲ့ ဆေးဝါးဖြန့်ချိမှုတွေကို ရပ်ဆိုင်းထားရပြီး မကြာခင် မိုးရာသီရောက်လာတော့မှာမို့ အဆိုးဆုံးအချိန်မှာမှ ရွေးပြီး ပိတ်ပင်လိုက်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လူအနည်းဆုံး ၁၄၈ ဦးသေဆုံးပြီး နေအိမ်အဆောက်အအုံ တစ်သိန်းရှစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
UNOCHA ကလည်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ လူပေါင်း ၁ ဒသမ ၆ သန်းခန့် ထိခိုက်ခံစားခဲ့ရတယ်လို့ အပတ်စဉ်ထုတ် အစီရင်ခံစာတွေက ဖော်ပြထားပါတယ်။