မုန်တိုင်းကြောင့် မတူပီမြို့နယ် ဖနိုင်ရွာမှာ အဆောက်အအုံ ၂၀၀ နီးပါး ပျက်စီး
2023.05.15

မိုခါမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ ချင်းပြည်နယ် မတူပီမြို့နယ်က ဖနိုင်ကျေးရွာမှာ ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် နေအိမ်နှစ်ရာနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၄ ရက်နေ့မှာ ညပိုင်းမှာ မုန်တိုင်းဟာ ချင်းပြည်နယ်ကို တစ်နာရီ လေတိုက်နှုန်း မိုင် ၆၀ နဲ့ ၇၀ အကြား တိုက်ခတ်ခဲ့တာပါ။
ဖနိုင်ကျေးရွာက ပျက်စီးသွားတဲ့အဆောက်အအုံတွေထဲမှာ ခရစ်ယာန်ဘုရားကျောင်း သုံးကျောင်း၊ စာသင်ကျောင်း လေးကျောင်းနဲ့ ဝန်ထမ်းအိမ်ရာတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ထောင်ကျော်ဟာ ခိုင်ခံ့တဲ့နေအိမ်တွေဆီ အချိန်မီပြောင်းရွှေ့နိုင်ခဲ့တာကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လူထိခိုက်မှုတော့ မရှိခဲ့ဘူး။ လေလည်း ငြိမ်ပြီဆိုတော့ အခုတော့ ကိုယ့်အိမ်ကိုယ် ပြန်ကြပြီ။ နေလို့ အဆင်ပြေအောင် အခု ပြန်ပြင်နေကြတယ်။ အကုန်လုံး ပြန်ပြင်နိုင် ဖို့တော့ မလွယ်ဘူး"
မတူပီမြို့ပေါ်မှာလည်း နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် ချင်းဒေသကာကွယ်ရေးမတူပီအဖွဲ့ (CDF Matupi) ဌာနချုပ် အဆောက်အအုံ တွေလည်း ပျက်စီးခဲ့တယ်လို့ မတူပီ CDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုတွေနဲ့ ကူညီကယ်ဆယ်ရေးကိစ္စ တွေကို ပိုမိုသိရှိနိုင်ဖို့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။