မိုခါမုန်တိုင်းသင့် ရသေ့တောင်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် အရေးပေါ် အကူအညီလိုအပ်နေ
2023.05.26

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မိုခါ မုန်တိုင်းဒဏ် အပြင်းအထန် ကြုံခဲ့ရတာကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ဟာ အပျက်အစီးတွေကြား ကိုယ်ထူကိုယ်ထ ရုန်းကန်တည်ဆောက်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဒါပေမဲ့ သူတို့ရဲ့တဲအိမ်တွေ တည်ဆောက်ရာမှာ အသုံးပြုကြတဲ့ သစ်နဲ့ ဝါး၊ တာပေါ်လင်စ၊ သွပ်နဲ့ သံတွေကို ပုံမှန်ထက် ဈေးကြီး ပေးဝယ်သုံးနေကြရတာကြောင့် တည်ဆောက်ရေးပိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
အပျက်အစီးတွေကြားက သစ်တို၊ ဝါးစအဟောင်းတွေစုပြီး မိသားစုနေထိုင်နိုင်ဖို့ တဲအိမ်တစ်လုံး တည်ဆောက်ဖို့ ကြိုးစားနေတဲ့ စေတီတောင်အရှေ့ စစ်ဘေးရှောင်စခန်းက အသက် ၄၃ နှစ်အရွယ် ဒေါ်ဦးနုရီကတော့ လက်ရှိ မိုးရွာရင် ထီးတစ်ချောင်းနဲ့ မိသားစု ခိုနေရတယ်လို့ ပြောပါတယ်။
"အကူအညီတွေက တစ်ခုမှ မရောက်သေးပါဘူး။ အခုက ရှိတဲ့အဟောင်းကရတဲ့ ဟိုအပိုင်း ဒီအပိုင်းလေးတွေနဲ့ ဆောက်နေတယ်။ မိုးကလည်း ရွာနေတော့လေ။ မိုးက တစ်ရက်မှာ နေ့ခင်းမရွာရင် ညရွာတယ်လေ။ အကူအညီတွေကလည်း မရောက်သေးဘူး။ ကိုယ့်ဟာနဲ့ ကိုယ်ဆောက်နေတာပါ။ မိုးရွာရင်လည်း မလုံပါဘူး။ ဟိုဘက်ကနေ ဒီဘက်ရွှေ့နေတာပေါ့။ အပေါက်တွေနဲ့ဆိုတော့။ နေစရာမရှိရင် ထီးတစ်ချောင်းနဲ့ မိသားစု ခိုနေကြရတာပေါ့"
စစ်ဘေးဒုက္ခသည်တွေရဲ့ အိမ်သာအားလုံးလည်း ပျက်စီးသွားတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ အားထားနေရတဲ့ ရေတွင်း၊ ရေကန်တွေဆိုရင်လည်း မုန်တိုင်းကြောင့် ရေငံတွေ ဝင်ရောက်ထားလို့ တခြားမုန်တိုင်းသင့် နေရာတွေလိုပဲ ရေအခက်အခဲတွေ ရှိနေပါတယ်။
အပြည်ပြည်ဆိုင်ကြက်ခြေနီကော်မတီ (ICRC)က တစ်လတစ်ခါ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ လက်ဖက်ခြောက်နဲ့ တစ်ကိုယ်ရေသုံးတွေကို သုံးသုတ်ခွဲပြီး ကူညီထောက်ပံ့နေတာတွေ ရှိပေမယ့် မုန်တိုင်းမတိုင်ခင် ပထမဆုံးရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဆန်တွေကတော့ ရေငံတွေကြောင့်ပျက်စီးသွားလို့ ကျန်တဲ့ဆန်တွေကို မျှဝေစားနေကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ကတော့ မေလ ၂၃ ရက်ကစပြီး လူတစ်ဦးကို ရေသန့် ၅ လီတာ ထောက်ပံ့ပေးနေတာ ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရသေ့တောင်မြို့နယ်အခြေစိုက် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးရန်ပိုင်စိုးက RFA ကိုပြောပါတယ်။
ရက္ခိုင့်တော် AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ၂၀၁၉ ခုနှစ်ကစပြီး ရသေ့တောင်မြို့နယ် မြောက်ပိုင်းက ရွာသစ်ကယ်၊ သောင်းဒရာ၊ ထီးစွဲ၊ အောင်သာဇေ၊ ငတောက်တူချေ၊ကျောက်တန်း၊ ဆောက်ခတ်၊ အောင်မြေကုန်း၊ ဗောဓိကုန်း၊ ရေမျက်၊ ညောင်ပင်လှ၊ ပြိန်းတော၊ ကုလားချောင်း၊ မညှင်းတောင်၊ အမျက်တောင်၊ ရေစိုးချောင်း၊ ကျောက်ရံ၊ မောင်ဖြူရွာ၊ ရေပုတ်၊ ကုန်တန်း၊ သမီးလှရွာဟောင်း၊ သမီးလှရွာသစ်၊ အုတ်ဖို၊ ဇေယျာမြိုင်၊ အုန်းချောင်း စတဲ့ကျေးရွာ ၂၅ ရွာက ဒေသခံတွေ ရသေ့တောင်မြို့ပေါ်မှာ ထွက်ပြေးခိုလှုံနေကြရတာပါ။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက ထီးစွဲ၊ ဆောက်ခတ်၊ မညှင်းတောင်၊ အမျက်တောင်၊ ငတောက်တူချေနဲ့ ရေစိုးချောင်းမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ တခြားရွာက ဒေသခံတွေ ရွာပြန် လယ်လုပ်၊ ထင်းခွေကြတာမျိုးပြန်လုပ်ကြပေမယ့် စစ်တပ် တပ်စွဲထားတဲ့ ဒီရွာ ၆ ရွာက ဒေသခံတွေကတော့ လုံးဝ ပြန်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ပြောပါတယ်။
လက်ရှိ ရသေ့တောင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၂၈ စခန်းရှိပြီး အိမ်ခြေပေါင်း လေးထောင်နီးပါး ၃၉၄၁ ရှိနေပါတယ်။ စစ်ဘေးဒုက္ခသည်ဦးရေကတော့ နှစ်သောင်းကျော် ၂၀၈၇၂ ဦးရှိပါတယ်။