မိုးကောင်း ဆားမှော်ကျေးရွာ NLD ဥက္ကဋ္ဌ ထောင်သုံးနှစ် ချမှတ်ခံရ

RFA Burmese
2023.02.02
Share on WhatsApp
Share on WhatsApp
မိုးကောင်း ဆားမှော်ကျေးရွာ NLD ဥက္ကဋ္ဌ ထောင်သုံးနှစ် ချမှတ်ခံရ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို တွေ့ရစဉ်။
U Aung Htay Oo Facebook

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို ဇန်နဝါရီ ၃၁ ရက်နေ့က မိုးကောင်းမြို့နယ် တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးအောင်ဌေးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂ (က) နဲ့ တရားစွဲဆို ထောင်ချလိုက်တာလို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"PDFတွေကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းထားတာပေါ့။ အမိန့်ချတဲ့နေ့က မိသားစုဝင်တွေနဲ့ ခဏ တွေ့ခွင့် ရလိုက်တယ်။ ဆေးတို့ စားစရာတို့ နည်းနည်း ပေးလိုက်နိုင်တယ်။ သူက ကျန်းမာရေး ကောင်းတယ်လို့ သိထားပါတယ်။ တခြားစွဲဆို ခံထားရတဲ့ အမှုမရှိတော့ပါဘူး"

ဦးအောင်ဌေးဦးကို မိုးကောင်းမြို့မ ရဲစခန်းက ရဲအရာရှိတစ်ဦးက တရားလို အနေနဲ့ တရားစွဲဆို တိုင်တန်းခဲ့တာလို့ သူကဆိုပါတယ်။

ဦးအောင်ဌေးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၀ ကျော်အရွယ် ဦးအောင်ဌေးဦးဟာ စစ်ကောင်စီဘက်က စွပ်စွဲသလို PDF ကို ထောက်ပံ့တာ မရှိသလို ဥပဒေကြောင်းအရ ချိုးဖောက်ထားတာလည်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး၊ ပါတီဝင် ၁,၂၃၂ ဦး ဖမ်းဆီး ခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေး အဖွဲ့က ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း နှစ်နှစ်တာအတွင်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ရပြီး နေအိမ်ချိပ်ပိတ် သိမ်းဆည်းခံရသူ ၆၀၅ ဦးထိ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။