မိုးမောက်မြို့မှာ လက်နက်ကြီးထိမှန်လို့ အရပ်သားတစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်က အသက် ၂၃ နှစ်အရွယ် မောင်ဖောင်ရဲဂမ်ဟာ ဒီမနက် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ မိုးမောက်မြို့ပေါ်က အထက်တန်းကျောင်းအနီး နိုဝင်ဘာလ ၁၁ ရက် ဒီမနက် ၁၁ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး မောင်ဖောင်ရဲဂမ် ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“၁၁ နာရီလောက်က စပစ်ကြတာ၊ ၁၂ ကျော်လောက်ထိပဲ။ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ လက်နက်ကြီးသံတွေရောပဲ။ ကျမတို့တောင် ကြောက်ပြီး အိမ်ထဲမှာပဲပုန်းနေတာ။ ပြည်သူတစ်ဦး ဒဏ်ရာရတယ်။ လက်နက်ကြီးထိလို့ အခု ဗန်းမော်ဆေးရုံကြီးကို ပို့ထားတယ်၊ နေအိမ် နှစ်လုံးလည်း မီးလောင်သွားတယ်”
ကချင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲ ဖြစ်ပွားတာကို သိပေမယ့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးဘူးလို့ RFA ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဟာ KIA တပ်ရင်း ၁၅ တပ်စွဲထားတဲ့ လုံဂျာတောင်ကို အောက်တိုဘာလ ၂၂ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီထိုးစစ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေကြောင့် မိုးမောက်မြို့နယ်အတွင်း အရပ်သား နှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီအပြင် လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်နဲ့ ခါနန် စတဲ့ကျေးရွာတွေက ဒေသခံ ၁၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၁၂၆၀၀ ဦး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၃၁ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။