မိုးဗြဲရေကာတာ ဖွင့်ချလို့ စစ်ဘေးဒုက္ခသည် ငါးရာနီးပါး အရေးပေါ်ရွှေ့ပြောင်းနေရ
2024.07.26
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၂၂) က ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ မိုးဗြဲရေကာတာကို ဖွင့်ချခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ငါးရာနီးပါး အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
မိုးဗြဲရေကာတာ ဖွင့်ချပြီးနောက် ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်တချို့နဲ့ ဘုရားဖြူ၊ လီဝိုး၊ ဝီသဲကူးရွာတွေ အပါအဝင် ကျေးရွာဆယ်ရွာ နီးပါးမှာ ရှစ်ပေနီးပါး ရေနစ်မြုပ်ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
ရှမ်း-ကယားနယ်စပ်ဟာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံအများစုဟာ ရေကြီးနစ်မြုပ်မှုဒဏ်နဲ့ တိုက်ပွဲကင်းလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းနေရတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ရေက ဒီပုံအတိုင်းဆို ဆယ်ပေကျော်လောက်အထိကို ဆက်တက်ဖို့ မြင်တယ်။ ဒါကြောင့် လွတ်ကင်းရာကို ပြောင်းဖို့ရွှေ့ဖို့ လိုက်ပြောနေပါတယ်။ အများစုကတော့ ယာယီတဲတွေနဲ့ နေတာများတော့ ဘာမှတောင် မသယ်နိုင်ကြဘူး။ အဝတ်နည်းနည်းပါးပါးနဲ့ အရေးကြီးတာလေးတွေ ယူပြီး ပြောင်းကြတာပါပဲ"
ဒီ့အပြင် ရေကြီးနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အမိုးအကာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ စိုက်ပျိုးထားတဲ့ ဘီလူးချောင်း တာရိုးတစ်လျှောက်က လယ်ဧက တစ်ထောင်နီးပါးလည်း ရေနစ်မြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာမဲ့သုံးရက်အတွင်း ရေထပ်မံ မြင့်တက်လာနိုင်တာကြောင့် ဘီလူးချောင်းတစ်လျှောက်က အနိမ့်ပိုင်း ရပ်ကွက်တွေမှာ နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) က ဇူလိုင်လ ၂၅ ရက်နေ့က အသိပေးထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်တဲ့ အခြေအနေ သိရဖို့ စစ်ကောင်စီရဲ့ ကာယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်နဲ့ ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။