စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုနဲ့ MOGE ကို ထပ်မံပိတ်ဆို့အရေးယူဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို
2024.07.15
စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB)၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နဲ့ ဘဏ္ဍာငွေအရင်းအမြစ်ရရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၂၄၀ က ဇူလိုင်လ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
စစ်ကောင်စီဟာ နိုင်ငံပိုင်ဘဏ်နဲ့ MOGE ကရတဲ့ အခွန်ငွေတွေကို စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတာ၊ လေယာဉ်ဆီနဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ရရှိနေတာက မြန်မာပြည်သူတွေအတွက် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
အရင်က နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့အတွက် MEB နဲ့ MADB ဘဏ်နှစ်ခုကို ပြောင်းလဲအသုံးပြုနိုင်ခြေရှိတယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လနောက်ဆုံးအပတ်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာ့စီးပွားရေးဘဏ် (MEB) ဟာ စစ်လက်နက် ဝယ်ယူရေးအတွက် နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှုတွေ အသုံးပြုနိုင်ဖို့ အဓိက လမ်းကြောင်းတစ်ခုဖြစ်လာနေတယ်လို့ ဖော်ပြပါတယ်။
ဒီအပြင် ထိုင်း ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း PTT က MOGE ကို အခွန်ပေးဆောင်မှုဟာ စစ်ကောင်စီအတွက် အဓိက ဘဏ္ဍာငွေ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့လည်း ကုလလူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် MOGE ကို အလုံးစုံ ပိတ်ဆို့အရေးယူဖို့ လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
တစ်ချိန်တည်းမှာပဲ PTTနဲ့ ထိုင်းဘဏ်တွေရဲ့ စစ်ကောင်စီကို ကျောထောက်နောက်ခံ ပြုထားမှုတွေကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကိုင်တွယ်ဖြေရှင်းပေးဖို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။
စစ်ကောင်စီကတော့ စီးပွားရေးအရ နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေဟာ ပြည်သူတွေကိုပဲ ထိခိုက်နစ်နာစေတယ်လို့ မကြာခဏ ပြောဆိုပါတယ်။
မြန်မာ့စီးပွားရေးဘဏ် (MEB) ဟာ နိုင်ငံ့ဝန်ထမ်း လစာငွေ၊ ပင်စင်လစာငွေနဲ့ နိုင်ငံ့ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးလည်ပတ်မှုအတွက် အဓိကအသုံးပြုပြီး လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) ကတော့ နိုင်ငံတစ်ဝန်းက လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေနဲ့ လယ်ယာကဏ္ဏဖွံ့ဖြိုးရေးအတွက် အဓိက အသုံးပြုပါတယ်။