မိုးကုတ်မှာ စစ်သုံ့ပန်းနှစ်ဆယ် ထပ်မံဖမ်းဆီးရမိကြောင်း TNLA ပြော
2024.07.29
မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား နှစ်ဆယ်ကို စစ်သုံ့ပန်းအဖြစ် ထပ်မံဖမ်းဆီးရမိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၂၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ မိုးကုတ်မြို့ အနောက်ပိုင်း ဖြူရောင်ကုန်းပေါ်မှာ တပ်စွဲခဲ့သူတွေဖြစ်ပြီး ဖမ်းမိသူတွေနဲ့အတူ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဒီ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က ခြေမြန်တပ်ရင်း ခမရ-၅၀၁ တပ်စခန်းက တိုက်ပွဲအတွင်း လက်နက် ၃၇ လက်နဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မိုးမိတ်မြို့မှာလည်း စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းတွေကို TNLA က တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကုန်းကနေ စစ်လက်နက်ပစ္စည်း ၁၃ လက်ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ကလည်း မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို TNLA က ဖမ်းဆီးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တစ်လအတွင်း TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မန္တလေးတိုင်း စဥ့်ကူးနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ရဲ့ နေရာအများအပြားကို ထိန်းချုပ်ထားပါတယ်။