နှစ်လကျော် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ မိုးကုတ်မှာ အင်တာနက်လိုင်း ပြန်ရ

RFA Burmese
2024.08.30
နှစ်လကျော် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ မိုးကုတ်မှာ အင်တာနက်လိုင်း ပြန်ရ TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဥ်။
PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ နှစ်လကျော် ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့မှာ အင်တာနက်လိုင်းတွေ ပြန်ရနေတယ်လို့ မိုးကုတ်မြို့ခံတွေက RFA ကို ပြောပါတယ်။

လတ်တလောမှာတော့ မိုးကုတ်မြို့အနောက်ပိုင်းမှာ TNLA ရဲ့ အင်တာနက် ဂြိုလ်တုဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းတွေ တချို့ပြန်ရနေပြီး တစ်နာရီကို ကျပ်ငါးထောင် ပေးရတယ်လို့ အမည်မဖော်လိုတဲ့ မိုးကုတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က အဖေ့အကောင့် မီးစိမ်းနေလို့ ဝမ်းသာပြီး ခေါ်ကြည့်တာ အဖေရော၊ အမေရော တွေ့လိုက်ရတယ်။ ဖုန်းလိုင်းကတော့ မရသေးဘူးတဲ့။ အိမ်ကတော့ နည်းနည်းပါးပါး ပျက်စီးသွားပေမဲ့ နေလို့ရသေးတယ် ပြောတယ်။ TNLA က Star Link ချိတ်ပေးထားတာတဲ့။ အဲဒီမှာ တစ်နာရီ လာသုံးတာ ပြောတယ်”

မိုးကုတ်မှာ တိုက်ပွဲတွေ မရှိတော့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် ဒေသခံတွေကတော့ နေရပ်ပြန်မလာကြသေးဘဲ စစ်ရေးအခြေအနေကို စောင့်ကြည့်နေတယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

မိုးကုတ်မြို့ကို ဇူလိုင် ၂၄ ရက်နေ့က TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းခွဲကျော် (၁၆၇,၁၄၉ ဦး) နေထိုင်တဲ့ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံထက်ဝက်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။