မွန်ပြည်နယ်က ရွာတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး စားနပ်ရိက္ခာပြတ်လပ်နေ
2024.07.30
မွန်ပြည်နယ် မြို့နယ်ငါးမြို့နယ်က ကျေးရွာတစ်ရာကျော် ရေကြီးနစ်မြုပ်ကာ ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး အကူအညီတွေလိုအပ်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဇူလိုင်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ကစပြီး ရေး၊ ကျိုက်မရော၊ ဘီးလင်း၊ သထုံ၊ မုဒုံ စတဲ့ မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်နေတာလို့ ဆိုပါတယ်။
စစ်ဘေးရော၊ ရေဘေးရော ဘေးအန္တရာယ်နှစ်ခုစလုံးနဲ့ ကြုံတွေနေရတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက တာဝန်ရှိသူ နိုင်အဲမွန်က ပြောပါတယ်။
"ဒီဒေသတွေက စစ်ဘေးဒဏ်ခံနေရတဲ့ဒေသတွေ ရွာလုံးကျွတ် အတင်းအဓမ္မ ထွက်ပြေးရွှေ့ပြောင်းရတယ်။ ပြီးတော့ စစ်ရှောင်နေရတဲ့ ရွာတွေရှိတယ်။ လေယာဉ်ပစ်တာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ အဲဒီနေရာတွေက အခုရေကြီးနေတာ ဖြစ်တယ်။ သဘာဝအန္တရာယ်ရော လူလုပ်တဲ့အန္တရာယ်ရော နှစ်ကျော့ပြန်ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်သွားပြီ"
သဘာဝဘေးအန္တရာယ်နောက်ဆက်တွဲအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေတာတွေကို ကူညီနိုင်ဖို့ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ထောက်ပံ့ကူညီရေးအတွက် ငွေကြေးခက်ခဲနေတာကြောင့် ရေဘေးသင့်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့လည်း ဆိုပါတယ်။
မွန်ပြည်နယ်အတွင်း ရေဘေးကြုံနေရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
မြန်မာနိုင်ငံတွင်းက မြို့ဆယ်မြို့မှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။