မွန်၊ ကရင်နဲ့ တနင်္သာရီမှာ ရေကြီးနေ
2022.08.12

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမှာ အခုရက်ပိုင်း မိုးသည်းထန်နေ တာကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်မြို့နယ် ဇင်းကျိုက်ရပ်ကွက်ဘက်နဲ့ ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ် ထိစပ်နေတဲ့ မော်လမြိုင်အထွက် အပေါင်ဒေသဘက်မှာ မိုးများတာကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မော်လမြိုင်မြို့ပေါ်တော့ ရေမကြီးသေးဘူး။ အပေါင်ဘက်၊ ဇင်းကျိုက်ဘက်မှာတော့ ရေတွေ ဝင်နေတာ ဟုတ်တယ်။ မိုးများလို့ ရေလျှံနေတဲ့ သဘောပါ။ အခုချိန်ထိလည်း မိုးမတိတ်သေး ဘူး။ ရေကတော့ ဒီလိုပဲ မိုးရွာရင် တက်တယ်။ တိတ်ရင် ပြန်ကျသွားတာက ပုံမှန်ပါပဲ”
မော်လမြိုင် ကမ်းနားလမ်းကိုလည်း မနေ့က ရေဝင်ရောက်ခဲ့ပေမယ့် မိုးနည်းနည်းစဲတာနဲ့ ပြန်ကျသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်၊ ဟံဂံကျေးရွာမှာလည်း မိုးများလွန်းတာကြောင့် တောင်ကျရေ လျှံလာပြီး အနားက ဟံဂံချောင်းမကြီး ရေလျှံလို့ လူနေအိမ် ၁၆၀၀ ကျော် ရေလွှမ်းမိုးဒဏ် ခံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာလယ်ပိုင်းမှာ ငါးပေလောက် တက်တယ်။ မိုးများတော့ တောင်ကျရေ ကျလာတယ်။ ဟံဂံ ချောင်းမကြီးကလည်း ရေလျှံလာတယ်။ ကျနော်တို့ ဟံဂံက ရေကြီးနေကျပါ။ မိုး သုံး၊ လေး ရက် ဆက်ရွာရင် ရေလျှံတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ တော်တော်ဆိုးဆိုး ဖြစ်ဖူးတယ်။ အိမ်ခြေ ၁၆၀၀ ကျော်တဲ့ ရွာကြီးပါ”
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပေါ် ရပ်ကွက်တချို့ကိုလည်း မနေ့ကစပြီး ရေတွေ ဝင်ရောက်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာလည်း မိုးရွာသွန်းမှုကြောင့် ရွှေလိပ်ပြာ ရပ်ကွက် အပါအဝင် ရပ်ကွက် သုံးခုထဲကို ရေတွေ ဝင်ရောက်ခဲ့ပြီး ဘောလုံးကွင်းထဲမှာပါ ရေကြီး၊ ရေလျှံတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ကလည်း မိုးတော်တော်ချတယ်။ ရွာတာ တစ်ပတ်လောက် ရှိပြီ။ မနေ့ကတော့ ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်ကတော့ မြို့ပေါ် ရပ်ကွက်တွေထဲကို ရေဝင်လာတယ်။ စိုးရိမ်ရေအမှတ်ကို ရောက်သွားတယ်။ စိုးရိမ်ရေအမှတ် ၁၇ လက်မကို ရောက်သွားတယ်။ ညက မိုးစဲသွားတယ်။ ဒီမနက်လည်း မိုးစဲနေတော့ မြစ်ရေက တစ်ပေနဲ့ ငါးလက်မ ပြန်ကျသွားတယ်”
စစ်ကောင်စီရဲ့ မိုးလေဝသဌာနနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ပုံမှန်ထက် မိုးပိုရွာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။