ကျိုက်ထိုမှာ စစ်တပ်ခြေကုပ်ယူထားတဲ့နေရာတွေ တိုက်ခိုက်ခံရ

RFA Burmese
2024.04.07
ကျိုက်ထိုမှာ စစ်တပ်ခြေကုပ်ယူထားတဲ့နေရာတွေ တိုက်ခိုက်ခံရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အဝင် မြင်ကွင်း။
ဓာတ်ပုံ - ကျိုက်ထိုအသံ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုတွေကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မုပ္ပလင် စစ်ဆေးရေးလမ်းဆုံဂိတ်၊ ရွှေစေတီနဲ့ ငွေစေတီ ဘုရားကုန်း၊ လက်ပံပင်သချိုင်းကုန်း၊ အင်္ဂဘိုတာဝါတိုင်စတဲ့နေရာတွေကို ဧပြီလ ၆ ရက် မနေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။

ဒေသခံတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် ၆ဝ မမ လက်နက်ကြီးတွေနဲ့ပါသုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၉ ဦးသေဆုံးခဲ့ပြီး ဒေသခံတော်လှန်ရေးတပ်တွေဘက်က ထိခိုက်သေဆုံးတာမရှိဘူးလို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကလည်း မုပ္ပလင် စစ်ဆေးရေးလမ်းဆုံဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

" ဒီနေ့ည ခုနစ်နာရီထိ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်နေတယ်။ ကျွန်တော်တို့ဘက်က ဒီနေ့ တိုက်တာမရှိဘူး။ သူတို့ဘက်ကပဲ ပစ်နေတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတာတော့မရှိဘူး"

စစ်ကောင်စီဘက်ကတော့ ကျိုက်ထိုဘက်က အခြေအနေတွေကို ဘာမှပြောဆိုတာ မရှိသေးပါဘူး။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ကျိုက်ထိုမှာ စစ်ရေးအရှိန်မြှင့်ထားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။