တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ခုနစ်ဆယ်သေဆုံးကြောင်း ဒေါနတပ်ရင်းထုတ်ပြန်

RFA Burmese
2025.01.16
တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ခုနစ်ဆယ်သေဆုံးကြောင်း ဒေါနတပ်ရင်းထုတ်ပြန် ဒေါနစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: Daw Na Column-P29902

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား လေးရက်ကြာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က အယောက် ၇၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးလက်အောက်မှာရှိတဲ့ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ပူးပေါင်တပ်တွေရှိတဲ့နေရာကို စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောပါတယ်။

"ကျုံလောင်းရွာဟောင်းမှာ သူတို့က စစ်ကြောင်းတွေလာကာတာ။ ဘာဖြစ်လို့လဲဆိုရင် မွန်ပူးပေါင်းလေးဖွဲ့နဲ့ ကျွန်တော်တို့ ဒေါနတပ်ရင်းပေါင်းပြီးတော့ ရှိနေတယ်ဆိုတာကို လာပြီးစစ်ကြောင်းလာထိုးတာ။ ကျွန်တော်တို့နဲ့ စကခ ၁၉ တပ်မနဲ့ဆိုတာ အရမ်းမဝေးတော့ဘူး။ လေးကီလိုမီတာပဲ ကျန်ပြီ။ ရေးမြို့နဲ့ဆို ငါးကီလိုမီတာ၊ အမှတ် ၈ ပြည်ထောင်စုလမ်းဆို လေးကီလိုမီတာပဲရှိတော့တာ။ အဲဒါကြောင့် လာပြီးတော့ ကျွန်တော်တို့ကို စစ်ကြောင်းထိုးပြီး လာရှင်းတာ။ ဒါပေမဲ့မရဘူး တက်လာတဲ့ရက်အားလုံး လန်ပြီး ပြန်သွားရတယ်"

စစ်ကောင်စီတပ်ရဲ့ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) အနီးက ကျုံလောင်းရွာမှာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေကြား လေးရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် အယောက် ၇ဝ နီးပါးသေဆုံးခဲ့ပြီး ၃ဝ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။ ပူးပေါင်းမဟာမိတ်တပ်တွေဘက်ကလည်း သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် သေဆုံးဒဏ်ရာရမှုအခြေအနေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို စကခ - ၁၉ လက်အောက်ခံ ခလရ - ၃၁၊ ခလရ - ၆၁၊ ခလရ - ၁၀၆၊ ခမရ - ၂၉၉၊ ခမရ - ၃၄၃၊ ခမရ - ၅၈၆၊ ခမရ - ၅၈၇၊ ခမရ - ၅၈၃၊ ခမရ - ၅၉၁၊ အမတ - ၃၁၆ တပ်တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာတော့ စစ်ကောင်စီတပ်က နောက်ဆုတ်သွားတာကြောင့် တိုက်ပွဲတွေ ရပ်တန့်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရေးမြို့နယ်က တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ မွန်နဲ့ ကရင်တော်လှန်ရေး အင်အားစုတွေပါဝင်တယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။