မွန်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရမှု စစ်ဆေးအရေးယူပေးဖို့ KNU ကို တောင်းဆို
2023.05.05
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၁ က တိုက်ခိုက်တာကြောင့် မွန်ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်းခံခဲ့ရတာကို စစ်ဆေးအရေးယူပေးဖို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က ဧပြီ ၄ ရက်နေ့က KNU ကို တောင်းဆိုလိုက်ပါတယ်။
တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှာ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ လက်အောက်ခံတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၃ဝရက်နေ့က တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခံရတာကို စစ်ဆေးအရေးယူပေးဖို့ မွန်ပြည်ကာကွယ်ရေးတပ်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဘုတ်ပြင်းမြို့နယ်မှာအခြေစိုက်တဲ့ မွန်ပြည်ကာကွယ်ရေးတပ်ရင်း ၃ တာဝန်ခံ နိုင်တမေယ့ချမ်း ဦးဆောင်တဲ့အဖွဲ့ဟာ တော်လှန်ရေးမှာအတူလုပ်ဆောင်ဖို့ ဧပြီ ၂၉ရက်နေ့က KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၁ က ဗိုလ်ကြီး စောဘွဲ့မှူးနဲ့တွေ့ဆုံဆွေးနွေးပြီးအပြန် ဧပြီ ၃၀ ရက်နေ့မနက်မှာ ချောင်းမြောင်းပစ်ခံရပြီး တပ်ခွဲ့ မှူးတစ်ယောက်နဲ့ တပ်သားတစ်ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး KNU/KNLA က တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားထားပြီး တရားဝင် စာပို့ တိုင်ကြားသွားမယ်လို့လည်း မွန်ပြည်ကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFAကို ပြောပါတယ်။
သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ KNU/ KNLA တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့လည်း MSDF က တိုက်တွန်းထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ KNU တပ်မဟာ ၄ တာဝန်ရှိသူတစ်ယာက်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်ကို အတည်ပြုလို့မရသေးကြောင်းနဲ့ တပ်ဘက်ဆိုင်ရာ ကိစ္စတွေဖြစ်တာကြောင့် အသေးစိတ်စုံစမ်းဖို့ KNLA ကို ညွှန်ကြားထားတယ်လို့ RFA ကို ပြောပါတယ်။
ဧပြီလ ၃၀ ရက်နေ့မနက်မှာပဲ ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာ အနီးမှာ မွန်ပြည် ကာကွယ်ရေးတပ်က လက်နက်လာပို့တဲ့ တပ်ဖွဲ့ဝင် လေးဦးကို KNU တပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးပြီး လက်နက်တွေ သိမ်းဆည်းသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။