မွန်အဖွဲ့အစည်းသုံးခု စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ
2024.04.07
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့အကြား စစ်အာဏာရှင်စနစ် တိုက်ခိုက်ရေးမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြောင်း ဧပြီလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
မွန်ပြည်တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေးပိုင်းဆိုင်ရာတွေကို အတူတကွအကောင်အထည်ဖော်နိုင်ဖို့ လိုအပ်နေတာကြောင့် အခုလို ပူးပေါင်းဖို့ သဘောတူခဲ့တာလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောပါတယ်။
“နိုင်ငံရေးပိုင်းမှာလည်း တစ်စုတစ်စည်းတည်း ဖြစ်ဖို့လိုတာပေါ့။ တခြားပြည်နယ်တွေနဲ့နှိုင်းလိုက်ရင် အဲဒီအခြေအနေထိမရောက်နိုင်သေးဘူး။ မတူညီတဲ့ နိုင်ငံရေးအင်အားစုတွေ တစ်စုတစည်းတည်းဖြစ်လာတာမရှိသေးဘူး။ အားလုံးစနစ်တကျနဲ့ ဗျူဟာမြောက်ချမှတ်နိုင်ဖို့ လိုနေသေးတယ်ပေါ့။”
ဒီသုံးဖွဲ့အကြား သဘောတူညီမှုတွေအနေနဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က တာဝန်ရှိသူအချို့က မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ ပါဝင်ပြီး နိုင်ငံရေးတာဝန်တွေကို ပူးပေါင်းလုပ်ဆောင်သွားဖို့၊ MSDF နဲ့ MSRF တို့အကြား တော်လှန်ရေးတိုက်ပွဲတွေမှာ ပူးပေါင်းတိုက်ခိုက်သွားဖို့ စတဲ့သဘောတူညီချက်တွေပါဝင်ပါတယ်။
စစ်ရေးလှုပ်ရှားမှုအနေနဲ့ MSDF နဲ့ MSRF တပ်နှစ်ခုအကြား စစ်သင်တန်းနဲ့ စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေကို အတူတကွလုပ်ဆောင်သွားဖို့၊ စစ်ဘက်ဆိုင်ရာ တိုက်ပွဲတွေကို မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားဖို့လည်း ပါဝင်ပါတယ်။