မုံးကိုးတိုက်ပွဲ စစ်သား ၁၈ ဦး သေဆုံးကြောင်း ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

2021.10.22
မုံးကိုးတိုက်ပွဲ စစ်သား ၁၈ ဦး သေဆုံးကြောင်း ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန် မုံးကိုးတိုက်ပွဲမှ ကိုးကန့်တပ်ဖွဲ့က သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းများကို ၂၀၂၁ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

တရုတ် - မြန်မာနယ်စပ် မုံးကိုးမြို့နယ်အနားတဝိုက်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးကာ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ကိုးကန့်တပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က မုံးကိုးဗျူဟာနဲ့ ဖောင်းဆိုင်ရွာကနေ ကိုးကန့်တပ်ဖွဲ့တွေရှိတဲ့ ရှီကျီးကျတောင်တန်း ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် မြေပြင် ထိုးစစ်တွေကြောင့် နေရာအနှံ့ တိုက်ပွဲ ပြင်းထန်ခဲ့တာ လို့ဆိုပါတယ်။

ကိုးကန့်ဆေးတပ်ဖွဲ့ဟာ မုံးကိုးဒေသမှာ နယ်မြေဖြန့်ခွဲပြီး ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန် စစ်တပ်က လိုက်လံတိုက်ခိုက်တာကြောင့် အခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေရတာလို့ ကိုးကန့်အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မုံးကိုးဒေသမှာ သြဂုတ်လကနေစဖြစ်တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်တပ် အရာရှိအပါအဝင် ၄၀ ကျော်သေဆုံးပြီး ကိုးကန့်တပ်ဖွဲ့ဖက်ကလည်း သေဆုံးဒဏ်ရာရသူ ၁၀ ဦး၀န်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မုံးကိုးဒေသထဲမှာ ပြီးခဲ့တဲ့လကတည်းက ကိုးကန့်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ရက်ခြားပုံမှန်ဖြစ်နေတာကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရှိမှု ဆယ်ဂဏန်း လောက်အထိ ရှိခဲ့တယ်လို့ အောက်တိုဘာလ ၁၂ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။

ဒါပေမဲ့ ကိုးကန့်အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မုံးကိုးမြို့နဲ့ ပန်ဆိုင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် အရပ်သားတွေပါ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း မုံကိုးမြို့ထဲက နေအိမ်နှစ်လုံးပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သားခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲကြောင့် ဖောင်းဆိုင်၊ မုံးကိုး၊ ဖိုင်းကောင်း စတဲ့နေရာတွေမှာ ထွက်ပြေး ပုန်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၂,၆၀၀ ကျော်ရှိပြီး အများစုကတော့ ဒီနေ့အထိ နေရပ်ပြန်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။