အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာပါဝင်သူ ၂၄ ဦးကို တရုတ်ထံလွှဲပြောင်း

RFA Burmese
2023.08.26
အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာပါဝင်သူ ၂၄ ဦးကို တရုတ်ထံလွှဲပြောင်း မြန်မာစစ်ကောင်စီရဲတပ်ဖွဲ့မှ တရုတ်ရဲအဖွဲ့ထံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လွှဲပြောင်းပေးခဲ့သည့် ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူ ငါးဦးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Chinese Embassy in Myanmar

မြန်မာနိုင်ငံအတွင်း အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေမှာ ပါဝင်ဆောင်ရွက်နေသူ ၂၄ ဦးကို လေးရက်အတွင်း စစ်ကောင်စီက တရုတ်ရဲတွေဆီ လွှဲပြောင်းပေးလိုက်တယ်လို့ တရုတ်သံရုံးက သြဂုတ်လ ၂၆ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်မှာတော့ ဒီလူတွေကို ဘယ်နေရာတွေကနေ ဖမ်းဆီး ရမိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာ ပူးပေါင်းပြီး ဒေသအတွင်း အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အခုလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း ဆုံးဖြတ်ထားတာလို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသ၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ဝတပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသက ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေတာပါ။

အဲဒီ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှုတွေပါ ရှိနေတယ်လို့ အဲဒီလုပ်ငန်းတွေကနေ ပြန်လွတ်လာသူအချို့က RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။