မိုင်းပေါက်က ငွေလိမ်ဂိုဏ်းတစ်ခုမှာ မြန်မာလူငယ်တချို့ ပြစ်ဒဏ်ပေး ညှဉ်းပန်းခံနေရ
ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်၊ မိုင်းပေါက်မြို့က ငွေလိမ်းဂိုဏ်းတစ်ခုမှာ ရောင်းစားခံထားရတဲ့ မြန်မာလူငယ် ၁၉ ဦးဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကစလို့ ဇန်နဝါရီ ၂၆ ရက်နေ့ထိ နည်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ပေး ညှဉ်းပန်းခံနေရတယ်လို့ ရောင်းစားခံရတဲ့အထဲမှာပါဝင်တဲ့ မြန်မာလူငယ်တစ်ဦးက RFA ကို ဆက်သွယ်ပြောဆိုပါတယ်။
"သူတို့ခိုင်းတဲ့အတိုင်း မလုပ်လို့ဆိုပြီး ထိုင်ထအခါ ၃၀၀ လောက် လုပ်ရတယ်။ ရေသန့်ဘူး ၁၅ လီတာကို မခိုင်းပြီး ထိုင်ထလုပ်ရတယ်။ ကိုလာဘူး ခြောက်လုံးကို တစ်ထိုင်တည်း သောက်ခိုင်းတယ်။ ကျနော်ဆို သွေးတောင်အန်တယ်။ နှစ်ရက်လောက် ထမင်းမစားနိုင်ဘူး။ နေ့တိုင်းလိုလို ပြစ်ဒဏ်တွေပေးနေတာ"
မြန်မာလူငယ် ၁၉ ဦးဟာ မိုင်းပေါက်မြို့အဝင်က ခြံဝန်းတစ်ခုရဲ့ အခန်းငယ်တွေထဲမှာ ပိတ်လှောင်ခံထားရပြီး အဲဒီခြံဝန်း ပတ်ပတ်လည်ကိုလည်း လျှပ်စစ်ဓာတ်အားတွေ လွှတ်ထားတာကြောင့် ထွက်ပြေးဖို့မဖြစ်နိုင်ဘူးလို့ သူကဆိုပါတယ်။
အခုရောင်းစားခံရတဲ့သူတွေဟာ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ နေထိုင်သူတွေ ပါဝင်ပြီး အများစုက အသက် ၂၀ ဝန်ကျင်းအရွယ်တွေ ဖြစ်ပါတယ်။
အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား ၁၃ ဦး ပါဝင်ပြီး လက်ရှိမှာ သူတို့ ၁၉ ဦးလုံးကို တစ်ဦးချင်းစီ နေရာခွဲထားတယ်လို့ RFA ကိုဆက်သွယ်လာတဲ့ ရောင်းစားခံရတဲ့ လူငယ်က ပြောပါတယ်။
သူတို့ကို ပွဲစားက အွန်လိုင်းကနေ ဈေးရောင်းတဲ့ အလုပ်အတွက် လုပ်ခလစာ တစ်လကို တရုတ်ယွမ် ၅၀၀၀ (မြန်မာကျပ် သိန်း ၂၀ ခန့်) ရမယ်ဆိုပြီး လမ်းစရိတ်အကုန်အကျခံပြီး ခေါ်တာကြောင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကတည်းက မိုင်းပေါက်မြို့ကို ရောက်လာ ခဲ့ကြတာဖြစ်ပြီး တရုတ်ယွမ် ၂၅၀၀၀ ( မြန်မာငွေ သိန်း ၁၀၀ နီးပါး) နဲ့ ရောင်းစား ခံခဲ့ကြရတာလို့ ဆိုပါတယ်။
မူလက သူတို့ကို မိုင်းပေါက်မြို့ပေါ်က (ဟော်ပိရှောင်ဟိန်းလော်) ကုမ္ပဏီမှာ ထားခဲ့တာကနေ ၀ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် အခုပိတ်လှောင်ခံထားရတဲ့နေရာကို ရွှေ့ပြောင်းလိုက်တာလို့ ရောင်းစားခံထားရတဲ့ မြန်မာလူငယ်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လားရှိုးမြို့အခြေစိုက် ၀ ဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရမ်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
၀ ဒေသမှာ အခုလို ဒုစရိုက်လုပ်ငန်းတွေကို လက်မခံကြောင်းနဲ့ လူကုန်ကူး ရောင်းစားခံရသူတွေကိုလည်း ဝ တပ်ဖွဲ့က အကူအညီတွေ ပေးနေတာရှိတယ်လို့ ဦးညီရမ်းက အရင်က ဖြေဆိုထားပါတယ်။
မိသားစုဝင် တချို့ကတော့ လားရှိုးမြို့မှာရှိတဲ့ လူကုန်ကူးတိုက်ဖျက်ရေးရုံးနဲ့ ၀ ဆက်ဆံရေးရုံး တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲက တိုင်ကြားထား ပေမယ့် ဒီနေ့အထိ ထူးခြားမှုမရှိသေးဘူးလို့ ရောင်းစားခံရတာမှာ ပါဝင်သူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ပြန်လွတ်လာတဲ့ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ပွဲစား တစ်ဦးကို RFA က ဇန်နဝါရီလအတွင်း တွေ့ဆုံမေးမြန်းချက်အရ ပန်ဆန်း၊ မိုင်းပေါက်နဲ့ ဝိန်းကောင်မြို့က ငွေလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံသားတွေ အဓိက ဦးဆောင်နေပြီး မြန်မာနဲ့ ဗီယက်နမ် နိုင်ငံသားတွေကို လခစားအဖြစ် ခေါ်ယူအသုံးပြုနေတာလို့ ဆိုပါတယ်။
အလုပ်သွားလုပ်မယ့် လူငယ်တွေအနေနဲ့ မသွားခင် လုပ်ငန်းအခြေအနေကို သေချာစုံစမ်းဖို့ လိုသလို ရောင်းစားခံထားရသူတွေရဲ့ မိသားစုတွေအနေနဲ့လည်း ၀ ဒေသကို ကိုယ်တိုင်သွား တိုင်ကြားကြဖို့လိုတယ်လို့ ပြန်လွတ်လာသူတွေက အကြံပြုထားပါတယ်။