စစ်ကောင်စီကို သပိတ်မှောက်ကံဆောင်တဲ့မြို့နယ် ၂၄ ခုအထိ ရှိလာ
2024.07.26
ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုမှာ တစ်လကျော်အတွင်း မြို့နယ် ၂၄ မြို့နယ်အထိရှိလာ ပြီဖြစ်ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့မှာလည်း ထီးလင်းမြို့နယ်က သံယာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်မှု လုပ်ခဲ့တယ်လို့ ထီးလင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ထီးလင်းမြို့နယ်ထဲက ကျေးရွာ ဆယ်ရွာလောက်က ဆရာတော်တွေ စုပေါင်းပြီး သပိတ်ကံဆောင်သွားတာပါ။ ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာတွေ့ရတော့ ဝမ်းသာပါတယ်။ အခုကြားရတာတော့ တခြားရွာက မပါလိုက်ရသေးတဲ့ ဆရာတော်တွေကလည်း ထပ်ပြီး သပိတ်မှောက်ဦးမှာဖြစ်ပါတယ်"
စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်မှုဟာ ဇွန်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သံဃာတော်တချို့က စတင်ခဲ့တာပါ။
အဲဒီနောက် ဇူလိုင်လ ၂၆ ရက်နေ့ သပိတ်မှောက်ခဲ့တဲ့ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းထဲက မြို့နယ်ပေါင်း ၂၄ ခုက သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်တဲ့ အချက်ရှစ်ချက်ရှိပြီး အဲဒီအထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ပြောဆိုတာ၊ သံဃာချင်း ဂိုဏ်းကွဲအောင်ပြုလုပ်တာ၊ သံဃာကို ဆဲဆိုတာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲကျောင်းကန်မှာ မနေနိုင်အောင်လုပ်တာ၊ သံဃာတွေကို လာဘ်မရအောင်လုပ်တာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
သံဃာတော်တွေရဲ့ ကံဆောင်သပိတ်မှောက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုထားတာမရှိသေးပါဘူး။
ကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။