မုံရွာ - မန္တလေးလမ်း မိုင်းရှင်းလင်းရေး အရပ်သားတွေ အသုံးချခံနေရကြောင်း ဒေသခံတွေပြော
2024.11.29
စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ မန္တလေးတိုင်း မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဂိတ်အချို့ဟာ ခရီးသည်တွေကို မကြာခဏခေါ်ပြီး မိုင်းရှင်းလင်းရာမှာ အသုံးပြုနေတယ်လို့ ဒီအခြေအနေကို သိရှိထားတဲ့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
မုံရွာ - မန္တလေး ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဂိတ် ၁၁ ခုရှိပြီး အဲဒီအထဲက မြေနဲရွာအနီးက စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်နဲ့ မုံရွေးရွာနဲ့ တောပုရွာအနီးမှာ တပ်စွဲထားတဲ့ ဂိတ် သုံးခုက ခရီးသည်တွေကို အသုံးချနေတာလို့ ဆိုပါတယ်။
နေ့စဉ်ဖြတ်သန်း သွားလာနေကြတဲ့ ခရီးသည်တင်ယာဉ်တွေကို စစ်ဆေးပြီးနောက် ကားပေါ်ပါတဲ့ ခရီးသည် တွေကို မိုင်းရှာရာမှာ အတင်းအကျပ် စေခိုင်းကြတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မုံရွာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"နိုဝင်ဘာ ပထမပတ်လောက်စပြီး စလုပ်တာဗျ။ သူတို့ဂိတ်တွေမှာ စစ်ဆေးခံဖို့ ရပ်တဲ့ကားတိုင်း ရှာခိုင်းတာမျိုး မဟုတ်ဘူး။ တချို့တွေလည်း မရှာခိုင်းဘူး။ မိုင်းကွင်းလို့ သူတို့ယူဆတဲ့ လယ်ကွင်းတွေ ကွင်းပြင်တွေကို ဖြတ်ခိုင်းတာဗျ။ တစ်ခါရှာခိုင်းရင် တစ်နာရီလောက်တော့ ကြာတယ်"
ခရီးသည်တွေထဲက လူလတ်ပိုင်းအရွယ်တွေကို အဓိက ခေါ်ယူပြီး မိုင်းရှိနိုင်တယ်လို့ သံသယရှိတဲ့နေရာတွေကို သွားခိုင်းကြတာလို့ ဆိုပါတယ်။
ဒီလိုလုပ်ရပ်ကြောင့် အရပ်သားတွေ ထိခိုက်တာမျိုးတော့ မရှိသေးဘူးလို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"၂၆ ရက်နေ့ကအထိ မိုင်းကွင်းဖြတ်ခိုင်းတာ ရှိသေးတယ်။ မိုင်းကွင်းဖြတ်ခိုင်းလို့ ပေါက်ကွဲပြီး ခြေပြတ် လက်ပြတ်ဖြစ်တာတော့ မကြားမိသေးဘူး။ သူတို့ဘာသာ အကြောက်လွန်ပြီး အရပ်သားတွေက ဓားစာခံလုပ်ခိုင်းတာမျိုး"
အခုလို ခရီးသည်တွေကို မိုင်းရှိတဲ့နေရာတွေကို သွားခိုင်းကြတဲ့လုပ်ရပ်ဟာ နိုဝင်ဘာလဆန်းပိုင်းကနေ ဒီနေ့အထိ အနည်းဆုံး ခုနစ်ကြိမ်ခန့်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလုပ်ရပ်တွေကြောင့် အခုရက်ပိုင်းတွေအတွင်း မုံရွာ- မန္တလေး ခရီးကို သွားလာသူနည်းပါးသွားတယ်လို့ လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှုဟာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံက အရေအတွက် အများဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းကြောင့် လူတစ်ထောင် ကျော် (၁၀၀၃ ဦး) သေဆုံးခဲ့ပြီး ပထမဆုံးအကြိမ် လူသေဆုံးမှု အများဆုံး နိုင်ငံဖြစ်ခဲ့တာလို့ ဆိုပါတယ်။