မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး စစ်ကြောရေးမှာ သေဆုံး

RFA Burmese
2024.03.30
မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး စစ်ကြောရေးမှာ သေဆုံး စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ရှေ့ကို တွေ့ရစဉ်။
Myanmar Military

စစ်ကိုင်းတိုင်း မုံရွာမြို့တော်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် သေဆုံးခဲ့ပြီး ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရောက်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မတ်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၂၇ ရက်နေ့က မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတစ်ဦးကို တရားရုံးကအပြန်မှာ တရားမဝင်ပစ္စည်းယူလာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲတွေက ဝိုင်းဝန်းရိုက်နှက်နေတာကို ကိုမာန်ဇာမြေမွန်နဲ့ ကိုအောင်ကျော်ဇင်တို့က ကိုယ်ထိလက်ရောက်မလုပ်ဘဲ ဥပဒေနဲ့အညီလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုပြောဆိုတာကြောင့် မုံရွာမြို့ အမှတ် (၁) ရဲစခန်းက စခန်းမှူး ပြည့်လင်းအောင်နဲ့ ဒုဗိုလ် ကျော်ဝင်းထွန်းတို့က သူတို့နှစ်ဦးကို စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ မြို့တော်ခန်းမကို မတ်လ ၂၈ ရက်နေ့က ရွှေ့ပြောင်းခဲ့ပါတယ်။

အဲဒီမှာ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်နှိပ်စက်တာကြောင့် မတ်လ ၂၉ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် သေဆုံးခဲ့တဲ့အပြင် ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်လည်း အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံးခံယူရန် လိုအပ်နေတယ်လို့ မုံရွာလူထုသိပိတ်ဦးဆောင်ကော်မတီဝင်တွေက ပြောပါတယ်။

ဒီလို့မျိုးအဖြစ်တွေ မကြုံရအောင် စစ်အာဏာရှင်ပြုတ်ကျရေး အမြန်ဆုံးဆောင်ရွက်ဖို့လိုတယ်လို့ မုံရွာလူထုသိပိတ်ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

"ရန်သူကတော့ ရန်သူလို့ လုပ်နေတာပေါ့၊ ဒီလောက်လေးပြောတာ၊ ကိုယ်ရဲ့ထင်မြင်ယူဆချက်ကို ပြောလို့မရဘူး လွတ်လပ်စွာပြောဆိုခွင့်တွေ ဆုံးရှုံးနေတယ်၊ လူတစ်ယောက်ရဲ့အသက်ကို လွယ်လွယ်လေးပဲ သတ်ဖြတ်လိုက်တယ်၊ ရန်သူက ရန်သူလိုလုပ်တာမထူးဆန်းပေမဲ့ ထူးဆန်းတာက မသေဆုံးသင့်ဘဲ ကိုယ်ရဲဘော်တွေ သေဆုံးခဲ့ရတယ်၊ တိုင်းပြည်ရဲ့ အနာဂတ်တွေဖြစ်တယ်၊ အဲလိုဆုံးရှုံးမှုတွေ ထပ်မဖြစ်အောင် ပြည်သူလူထုတစ်ရပ်လုံးရော တော်လှန်ရေးမှာ ဦးဆောင်နေတဲ့သူတွေရော တော်လှန်ရေးကို အမြန်ပြီးပြတ်အောင် စစ်အာဏာရှင် အမြန်ဆုံးပြုတ်ကျအောင် ပိုပြီးတော့ အကောင်ထည်ဖော်သင့်တယ်လို့ ယူဆပါတယ်"

နိုင်ကျဉ်းတွေကိုသေဆုံးအောင် ရိုက်နှက်ခဲ့တာကို ပြည်သူ့တရားစီရင်ရေးအချိန်ကာလ ရောက်တဲ့အခါမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူသွားနိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သဘောထားထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ချောင်းဦးမြို့နယ်က သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေ၊ နိုင်ငံရေးပုဒ်မ ၅၀၅ (က) အပါအဝင် တခြားပုဒ်မတွေနဲ့ စုစုပေါင်း ထောင် ၂၁ နှစ်ကျခံနေရသူဖြစ်ပါတယ်။

သူကို ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရှမ်းထူးရွာမှာ တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်တွေက သူ့ကို အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လ ၂၉ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းစီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ သေဆုံးသူ ၁၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။