မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြမှု ပြီးဆုံး

RFA Burmese
2023.09.13
မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြမှု ပြီးဆုံး စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ရှေ့ကို တွေ့ရစဉ်။
Myanmar Military

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက် တွေကို ထောင်အာဏာပိုင်တွေဘက်က လိုက်လျောဖို့ သဘောတူတဲ့တွက် အစာငတ်ခံဆန္ဒပြမှုကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့မနက်မှာပဲ ရပ်ဆိုင်းလိုက်ပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်တွင်းစစ်ဆေးရေးဝင်ပြီး သိမ်းဆည်းခံလိုက်ရတဲ့ အကျဉ်းသားပိုင်ပစ္စည်းတွေ ပြန်ပေးဖို့၊ ပြင်ပက ပေးပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေကို ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုဖို့နဲ့ အစာအငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် အပြည့်အ၀တာဝန်ယူဖို့စတဲ့ အချက်တွေကို တောင်းဆိုထားတာပါ။

ဒီတောင်းဆိုမှုတွေကို ထောင်အာဏာပိုင်တွေဘက်က ညှိနှိုင်းတာတွေလုပ်ခဲ့ပြီးနောက် ပြေလည်မှုရခဲ့တာလို့ အကျဉ်းထောင်ကလာတဲ့ သတင်းတွေကို ကိုးကားပြီး မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

“ဒီနေ့မနက်ခင်းမှာ အစာအငတ်ခံဆန္ဒပြတဲ့ ကျွန်တော်တို့ရဲဘော်တွေ သပိတ်လှန်လိုက်ပြီလို့သိရတယ်။ ထောင်ကနေပြီးတော့ သူတို့တောင်းဆိုတဲ့ အချက်တွေအကုန်လုံးကို လိုက်လျောပေးလိုက်တယ်။ ညွှန်ချုပ်ကိုယ်တိုင် လာရောက်ညှိနှိုင်းပေးတယ်လို့လည်း သိရပါတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဒီနေ့ဆက်သွယ်ခဲ့မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်လာတာ မရှိသေးပါဘူး။

မုံရွာထောင်ထဲကို စက်တင်ဘာလ ၈ ရက်နေ့ မနက်က ဌာနပေါင်းစုံ ရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ ပစ္စည်းတွေ သိမ်းယူသွားတာကြောင့် အဲဒီနေ့ကစလို့ နိုင်ငံရေးအကျဉ်းသား ၁၄ နဲ့ စတင်ဆန္ဒပြခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသား ၅၀ ဦးအထိပါဝင်ခဲ့တာပါ။

မုံရွာအကျဉ်းထောင်ထဲမှာ သီးသန့်တိုက်ပိတ်ခံထားရပြီး ထောင်ဒဏ် ၅၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ် ခေါင်းဆောင် ကိုဝေမိုးနိုင်ကလည်း ဒီလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး လူပေါင်း နှစ်သောင်းနီးပါး (၁၉,၄၆၅ ဦး) ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲက လူပေါင်း ခုနစ်ထောင်ကျော် (၇၃၁၁ ဦး) ကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။ 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။