စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ မုန်တိုင်းတွေကြောင့် နှစ်ဦးသေ


2016.04.22
Monywa-620.jpg စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော် မုံရွာမြို့ ကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မနေ့ညနေပိုင်းက လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရသလို လူနှစ်ဦး သစ်ပင်ပိခဲ့ရာမှာ တစ်ဦး သေဆုံးခဲ့ပါတယ်။

သစ်ပင်ပိခဲ့တဲ့ အမျိုးသားတစ်ဦးကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ မုံရွာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုသီဟက ပြောပါတယ်။

"မိန်းမကပွဲချင်းပြီး သေသွားတယ်တဲ့ ယောက်ကျားကတော့ အခုအချိန်အထိ ဆေးရုံမှာ၊ သူကထန်းပင်ပြတ်ကျပြီး ပိတဲ့သဘောပါပဲ၊ ကျနော်တို့က ညမှောင်နေတော့ အဲ့ဒီမှာလည်း လူမရှိတော့ မမြင်ခဲ့ရဘူး၊ သူတို့က မြို့ခံမဟုတ်ဘူး ဒီမှာလာပြီး တိုက်ဆောက်နေရင်းတန်းလန်းနဲ့ ဖြစ်သွားတာ လက်သမားတွေ၊ မနေ့ညကကြားတာကတော့ သူတို့တောက်လျောက် မန္တလေးဆေးရုံကြီးကို ပို့တယ်ကြားတယ်"

ဒါ့အပြင် ဒီနေ့မနက် ၃ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ တာကြောင့် ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်အတွင်းက နေအိမ် ၁ဝ လုံးလောက် ပျက်စီးခဲ့ပါတယ်။

မနေ့ညက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းမှာ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ဓါတ်အားပေးတိုင်တွေ ကြိုးပဲ့မှုတွေရှိခဲ့သလို နေအိမ်သွပ်မိုးတွေလည်း ပျက်စီးခဲ့ပါတယ်။

ပြင်ဦးလွင်မြို့မှာ ဓါတ်အားပေးတိုင်တွေ ပျက်စီးခဲ့တာကြောင့် မနေ့ညကတည်းက လျှပ်စစ်မီး ပျက်တောက်နေ ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။