မုံရွာမြို့နယ် မအူရွာမီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေး

RFA Burmese
2023.07.11
မုံရွာမြို့နယ် မအူရွာမီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
မုံရွာ - အမြင့်လမ်းဘေးကျေးရွာများသပိတ် ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မအူရွာကို ဇူလိုင်လ ၁၁ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီ တပ်က ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် အရပ်သားတစ်ထောင်ကျော် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်ကလာတဲ့ စစ်ကားတစ်စီးဟာ ဒီမနက်၇ နာရီခွဲဝန်းကျင်မှာ မအူရွာကို ဝင်ရောက် မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မအူအုပ်စုဆို အရှေ့ပိုင်းရှိတယ်၊ အနောက်ပိုင်းရှိတယ်ပေါ့ဗျာ။ အခု ရှို့ခံရတာက မအူရဲ့ အရှေ့ပိုင်းက တောစပ်နဲ့နီးတဲ့ အိမ် ဆယ်အိမ်ကို မီးရှို့သွားတယ်။ တစ်အိမ်ကတော့ မီးစွဲစပေါ့။ ကိုးအိမ်ကတော့ အကုန်လောင်ပြီး ပြာကျသွားတာပေါ့"

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ် ဆယ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မအူရွာဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား သုံးဆယ်နီးပါးပါတဲ့ စစ်ကားဟာ မအူရွာကနေ မနက် ၈ နာရီဝန်းကျင်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပြန်ထွက်ချိန်မှာ အရပ်သားတချို့ ရွာထဲကို ဝင်ရောက် မီးငြှိမ်းသတ်တာတွေ လုပ်ခဲ့ပေမယ့် ဒေသခံတွေဟာ နေအိမ်တွေမှာ ပြန်မနေ ကြသေးဘူးလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

Data For Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် မေလကုန်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၅၃၈၁၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။