ဝက်လက်မြို့နယ် တကောင်းမင်းရွာက အိမ် ၁၀၀ ကျော်မီးရှို့ခံရ၊ ဒေသခံ တစ်ဦးသေဆုံး

RFA Burmese
2023.02.04
Share on WhatsApp
Share on WhatsApp
ဝက်လက်မြို့နယ် တကောင်းမင်းရွာက အိမ် ၁၀၀ ကျော်မီးရှို့ခံရ၊ ဒေသခံ တစ်ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တကောင်းမင်းရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တကောင်းမင်းရွာက အရပ်သားတစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ RPG ထိမှန်သေဆုံးခဲ့သလို နေအိမ်တစ်ရာကျော်ကို လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် ကိုသိန်းစိုးဟာ ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ကြိုးစားချိန်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ RPG ကျည်ထိမှန်ပြီး ခါးပြတ်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကိုသိန်းစိုး အသက်က ၃၈ နှစ်။ ရွာဘက်ကို စစ်ကြောင်းဦးတည်လာတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးတဲ့အချိန်မှာ လမ်းပေါ်မှာ RPG နဲ့ အဝေးကနေ လှမ်းပစ်လိုက်တာ။ ခါးမှန်တာ ပြတ်ထွက်သွားတယ်”

ကိုသိန်းစိုးမှာ ဇနီးဖြစ်သူ မသဲစုမွန်နဲ့ ငါးနှစ်အရွယ် ကလေးတစ်ဦး ကျန်ခဲ့တယ်လို့ သူက ပြောပါတယ်။

တကောင်းမင်းရွာမှာ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပြီး လူဦးရေ ၆၀၀ ဝန်းကျင်နေထိုင်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် အာဏာသိမ်းမှု နှစ်နှစ်အတွင်း အရပ်သား ၂,၉၅၁ ဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။