တိုက်ပွဲကြောင့် ကျောက်ကြီးမြို့နယ် ရွာကိုးရွာက ဒေသခံတစ်ထောင်ကျော် ထွက်ပြေး

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား စက်တင်ဘာလ ၇ ရက် ကနေ စက်တင်ဘာလ ၁၀ ရက် မနေ့ကထိ တိုက်ပွဲဖြစ်နေတာကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာကိုးရွာက ဒေသခံ ၁၀၃၁ ဦး ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် သဲခီး၊ ထူးထာ၊ ဃဲဒဲ၊ မူခီး၊ တကော်ဒဲ၊ ဒေးဘောခီး၊ ဒိုဒေါ်ခီး၊ တူဝေါ်စိုးနဲ့ ဃောထောခီးစတဲ့ ကျေးရွာ ကိုးရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေနဲ့ တောတောင်တွေထဲကို စစ်ဘေးရှောင်နေရပြီး၊ ရာသီဥတုဆိုးရွားတာကြောင့် အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေး ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
"အခုမနက်အထိလည်း မိုးကရွာနေတော့၊ အမိုးအကာတွေတော့ အရေးပေါ်လိုနေတာပေါ့ ။ ပြေးလာတဲ့သူတွေကလည်း အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ လာရတာဆိုတော့ ခက်ခဲတာပေါ့၊ တိုက်ပွဲကလည်း ဘယ်လောက်ကြာမလဲမသိတော့၊ နေရေးထိုင်ရေးလေး အဆင်ပြေစေချင်တယ်"
တိုက်ပွဲတွေကြောင့် မူလတန်းကျောင်း လေးကျောင်းနဲ့ အလယ်တန်းကျောင်း နှစ်ကျောင်း ကိုလည်း ပိတ်ထားရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အဲဒီကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ ၃၃၆ ဦးနဲ့ ဆရာ၊ ဆရာမ ၄၅ ဦး ရှိပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေရဲ့ထိခိုက်သေဆုံးမှု အခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။
အာဏာာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU တပ်အကြား တိုက်ပွဲတွေကြောင့် ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၄၅ ရွာ၊ အိမ်ထောင်စု ၃၁၈၂ အိမ်ထောင်စုက ဒေသခံ ၁၇,၀၆၇ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU က ဆိုပါတယ်။