အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ အရပ်သား ၂၀၀ ကျော်သေဆုံး

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုတွေနဲ့ အပြန်အလှန် စွပ်စွဲ၊ သတ်ဖြတ်မှုကြောင့် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ၂၂၄ ဦး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor က ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ပျုစောထီး၊ သွေးသောက်၊ စွန်ရဲ စတဲ့ အဖွဲ့အစည်းတွေက NLD ပါတီဝင်တွေ၊ NLD ပါတီထောက်ခံသူတွေ၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်တာတွေ ဒီစာရင်းမှာ ပါဝင်တယ်လို့ Southern Monitor ဆိုပါတယ်။
ဒီအပြင် သေဆုံးသူစာရင်းမှာ စစ်ကောင်စီ သတင်းပေး၊ အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတချို့ သတ်ဖြတ်ခံရတာတွေနဲ့ မှားယွင်းပစ်ခတ်ခံရပြီး သေဆုံးသူတွေလည်း ပါဝင်ပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလ၊ ဇွန်လနဲ့ ဩဂုတ်လတွေဟာ အရပ်သားသေဆုံးမှု အများဆုံး ကာလတွေ ဖြစ်နေပြီး တစ်လကို အရပ်သား ၃၀ ဦးဝန်းကျင် သေဆုံးခဲ့ပါတယ်။
Southern Monitor ရဲ့စာရင်းတွေအရ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေဟာ အရပ်သားသေဆုံးမှု အများဆုံးဒေသတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်ထိ တနင်္သာရီတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပေါင်း ၃၅၁၅ ကြိမ်ရှိခဲ့တယ်လို့ Southern Monitor က ထုတ်ပြန်ပါတယ်။